မိုးညှင်း ၁၇ ဒီဇင်ဘာ
မိုးညှင်းခရိုင် မိုးလုံလေလုံအားကစားခန်းမသစ် ဖွင့်ပွဲအထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်တွင် အောင်သပြေရပ်ကွက်ရှိ ခရိုင်မိုးလုံ လေလုံ အားကစားခန်းမသစ်၌ ကျင်းပသည်။
အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မိုးညှင်းဒီဂရီကောလိပ်အသင်းနှင့် Mohnyin Volleyball Family အသင်းတို့ ယှဉ်ပြိုင်ကြရာ မိုးညှင်းဒီဂရီ ကောလိပ်အသင်းက ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မိုးညှင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးညွန့်ဝေနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုများနှင့် အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိ သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယခုယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်မှစ၍ မြို့နယ် အတွင်းရှိ အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ဒီဇင်ဘာ ၁၆ ရက်တွင် တတိယလုပွဲနှင့် ဗိုလ်လု ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ အလားတူ အားကစားခန်းမသစ် ဖွင့်ပွဲအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ယှဉ်ပြိုင်ခဲ့ကြပြီး ဖြစ်သည်။
ယခုဖွင့်လှစ်ခဲ့သည့် ခရိုင်မိုးလုံလေလုံ အားကစားခန်းမသစ်အား ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၇ သန်းကျော်ဖြင့် Kachin Ayar ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦမှာ (၁၂၀ ပေ × ၉၀ ပေ × ၃၆ ပေ)ရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


