ရန်ကုန် ၂ မတ်

 

 

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး ဦစီးကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယက၊ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်း ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ အမှတ် (၆၀၄/၆၀၈)အဆောက်အဦတွင် လာမည့် ဧပြီလပထမပတ်အတွင်း ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရန် လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းစသည့် ပညာရပ်များကို အလွယ်တကူ လေ့လာနိုင်မည့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်သည့် ခေတ်မီ ဒစ်ဂျစ်တယ်စနစ်များ ပါဝင်သော နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်သွား မည်ဖြစ်ပြီး ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားမှု အခြေအနေများနှင့် ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်