နေပြည်တော် အောက်တိုဘာ ၂၈
အမျိုးသားစာပေတစ်သက်တာဆုရ ဆရာမကြီး စည်သူဒေါ်ကြန်၏ ဆုတံဆိပ်များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)၊ ရှင်းလင်းဆောင်၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ဆရာမကြီး စည်သူဒေါ်ကြန်၏ကိုယ်စား တူသားဖြစ်သူ ဒေါက်တာ သန်းထွန်းအောင် က အမျိုးသား စာပေတစ်သက်တာဆုရ ဆရာမကြီး စည်သူဒေါ်ကြန်၏ ဆုတံဆိပ်များကို လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေါက်တာ သန်းထွန်းအောင်က အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာမကြီး စည်သူ ဒေါ်ကြန်၏ ဆုတံဆိပ်များကို လွှဲပြောင်းပေးအပ်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဆရာမကြီး ဒေါ်ကြန်နှင့် ဒေါက်တာရီရီတို့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့စဉ်က ဝိတိုရိယ ပြတိုက်နှင့် အယ်လ်ဘတ်ပြတိုက်မှ မြန်မာမင်းခမ်းတော်များကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည့် အကျိုးဆက်အနေဖြင့် တော်လှန်ရေးကောင်စီလက်ထက်တွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ ယခုပြသ ထားသော မင်းခမ်းတော် ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်ပေးခဲ့သဖြင့် ဆရာမကြီး၏ ကျေးဇူးအများကြီးရှိပါကြောင်း၊ ဆရာမကြီး ဒေါ်ကြန်သည် အမျိုးသားစာပေဆု ငါးကြိမ်၊ အမျိုးသားစာပေ တစ်သက်တာဆု၊ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆုတို့ကိုရရှိခဲ့သည့်အပြင် ဝိဇ္ဇာပညာ ထူးချွန်ဆု (ပထမ အဆင့်)၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆု၊ နိုင်ငံတော်မှ ချီးမြှင့်သော စည်သူဘွဲ့တံဆိပ် တို့ကိုလည်း ရရှိခဲ့ပါကြောင်းနှင့် ဆရာမကြီးရရှိခဲ့သည့် ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များစွာရှိသည့် အနက်မှ အချို့ကို ယခုကဲ့သို့ အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်းပေးသည့်အတွက်လည်း လွန်စွာကျေးဇူးတင်၊ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)