နေပြည်တော် ၁၀ အောက်တိုဘာ
အမျိုးသားစာပေတစ်သက်တာဆုရှင်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီး ဆရာညိုဝင်းသည် အောက်တိုဘာ ၈ ရက် ည ၁၁ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရသည်။
ဆရာညိုဝင်းသည် ၂၀၁၇ ခုနှစ်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်အဖြစ် ရွေးချယ်ဂုဏ်ပြုခြင်းခံရသူလည်း ဖြစ်သည်။ ဆရာညိုဝင်းကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံရှမ်းစု ကျေးရွာတွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးကျော်ဝင်း ဖြစ်သည်။ မွေးချင်းရှစ်ဦးအနက် တတိယမြောက်သားဖြစ်ပြီး မြန်မာအထက် တန်းဆရာဖြစ်သင်တန်းအောင်မြင် ပြီးနောက် ၁၉၄၇-၁၉၄၈ ခုနှစ်တွင် ဥက္ကံမြို့နယ် ပြည်သူ့ရဲဘော် အတွင်းရေးမှူး ဗိုလ်မင်းလွင် အမည်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။ စာပေရေးသား ခြင်းကို ၁၉၃၉ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် စာရေးဆရာသန်းဆွေ၏ လက်တွဲခေါ်ယူမှုဖြင့် သွေးသောက်မဂ္ဂဇင်း၌ ညိုဝင်းဟူသော ကလောင်အမည် ဖြင့် အယ်ဒီတာအဖြစ် စတင်ဆောင် ရွက်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် စာဆိုတော်နေ့ မြန်မာနိုင်ငံ စာရေးဆရာအသင်း ကဗျာပြိုင်ပွဲတွင် “မရေးချင်တော့” ကဗျာဖြင့် ရွှေတံဆိပ်ဆုကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခြင်း ခံရသည်။ ၁၉၅၀-၁၉၅၁ ခုနှစ်တွင် ကြေးမုံမဂ္ဂဇင်း၊ ၁၉၅၂ ခုနှစ်တွင် က လောင်စုံ မဂ္ဂဇင်း၊ ၁၉၅၂-၁၉၅၃ ခုနှစ်တွင် နုယဉ်ပုံနှိပ်တိုက် မန်နေဂျာနှင့် မြဝတီမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ပြန်ကြားရေးညွှန်ကြားရေးဝန် စာရေးဆရာကြီး ဦးဉာဏက ရုပ်ရှင် နှင့် ပြဇာတ်ဌာန၊ ရခိုင်တိုင်းတာဝန်ခံ အဖြစ် ခေါ်ယူခန့်ထားခဲ့သည်။ ၁၉၅၆ မှ ၁၉၆၀ ပြည့်နှစ်အထိ ကယားပြည်နယ် လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း တွင် အလုပ်သမား သက်သာ ချောင်ချိရေး အရာရှိအဖြစ် တာဝန် ယူခဲ့သည်။
ဆရာညိုဝင်းသည် အယ်ဒီတာ ဘဝ၊ ဝန်ထမ်းဘဝ စသည့် ဘဝမျိုးစုံကို ဖြတ်သန်းခဲ့ရင်း ၁၉၆၀ ပြည့်နှစ်တွင် စာပေလောကသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ ထိုနှစ်မှာပင် ရဲကြေးမုံမဂ္ဂဇင်း၊ မှုခင်းမဂ္ဂဇင်းတို့ တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ရင်း ပြစ်မှုမဂ္ဂဇင်းကို စတင်မွေးဖွားခဲ့သည်။ တစ်ဖက်တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ရင်း ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်းဝတ္ထုများကို ရေးသားကာ စာပေနယ်အတွင်း ဖြတ်သန်းခဲ့သူလည်း ဖြစ်သည်။
၁၉၆၆ ခုနှစ်တွင် မြစာပေတိုက် မန်နေဂျာအဖြစ် ဆောင်ရွက်ရင်း ၁၉၆၇ခုနှစ်၊ အမျိုးသားစာပေ။ ဝတ္ထုရှည်“မှောင်လွန်းသောညများ” ဖြင့် အမျိုးသားစာပေ ပထမဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့နောက် လုံးချင်းဝတ္ထုများကို တစ်လတစ်အုပ်နှုန်းဖြင့် ရေးသားခဲ့ရာ အုပ်ရေ ၁၆၀ ခန့် ထုတ်ဝေနိုင်ခဲ့ သည်။ ၁၉၉၉ ခုနှစ် (၅၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာပေနှင့် အနုပညာပြိုင်ပွဲတွင် သမိုင်းဖြစ်ရပ်မှန် ထာဝရအဓိဋ္ဌာန် ကဗျာရှည် (အဆင့်-၁)ပြိုင်ပွဲ ပထမဆုကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ စာပေဆု ဘဝတစ်သက်တာ စာပေဆုရှင် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
ရေးသားခဲ့သည့် ဝတ္ထုများ အနက် လှိုင်း၊ သဲသဲမဲမဲ၊ ပြေးမလွတ်၊ သက်ထားရွှေဝါ မွှေးလေပြီဖြစ်သော ချယ်ရီပန်း၊ စိမ်းနှမစန္ဒာ၊ သူ့အလှည့်၊ သစ္စာရင်မှာ ပိုက်ပါလို့ရယ်၊ မောမြေ မြင့်ကို သစ္စာဆိုမယ်၊ ကျွန်တော့် ရွှေမင်းသမီး၊ စံပယ်တင်မှဲ့နဲ့ မိန်းကလေး စသည့်ဝတ္ထုများစွာကိုလည်း ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူး ခြင်းခံရသည့် စာပေပညာရှင်ကြီး တစ်ဦးလည်းဖြစ်သည်။
စာရေးသက် နှစ်ပေါင်း ၆၀ အတွင်း “ဘဝကဗျာများ ကဗျာပေါင်းချုပ်”နှင့် “ဘဝအမြင် ပတ်ဝန်းကျင်”စသည့် ကဗျာနှစ်အုပ်ကိုလည်း ထုတ်ဝေခဲ့သည်။ ဆရာညိုဝင်းသည် အောက်တိုဘာ ၈ ရက် ည ( ၁၁ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၇ နှစ်) ရှိနေပြီဖြစ်ပြီး အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ရေဝေးသုသာန်၌ ပို့ဆောင်ဂူသွင်းသဂြိုဟ် မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုထံမှ သိရှိရသည်။
နန်းနန်း


