နေပြည်တော် ၁၇  ဇွန်  

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

mdn

 

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျင်းပသည့် အစည်း အဝေးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ညှိနှိုင်းအတည်ပြုချက်ရယူရန် ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း။

ယခုနှစ် အမျိုးသားစီမံကိန်းကို ရေးဆွဲရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် စီမံကိန်းများ ရေးဆွဲရာတွင်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်နှင့် ပြည်သူများအတွက် လက်ငင်းအကျိုးရှိစေမည့်၊ ထင်သာမြင်သာဖြစ်စေသည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း။

စီမံကိန်းနှင့် ဘတ်ဂျက်သည် ချိတ်ဆက်မှု အားကောင်းရန်လိုပါကြောင်း၊ လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ဘတ်ဂျက်ကို အခြေခံပြီး မိမိတို့၏ လုပ်ငန်းများကို ဆောင်ရွက်မည့်အစား လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအလိုက် ရွေးချယ်သတ်မှတ်ထားပြီး အမှန်တကယ် လုပ်သင့်လုပ်ထိုက်သည့် နိုင်ငံတော်နှင့်ပြည်သူကို အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းများကို ရွေးချယ်အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ဘတ်ဂျက်တောင်းခံခြင်း မပြုမီကတည်းက စီမံကိန်းများကို စနစ်တကျ၊ အစီအစဉ်တကျ ရေးဆွဲထားရှိရန် လိုအပ်ပါကြောင်း၊ ယင်းကိစ္စသည် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကပါ အားလုံးလိုက်နာပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း။

လုပ်ငန်းစီမံကိန်းများကို ရွေးချယ်ရာတွင်လည်း စီမံကိန်းမစတင်မီ အဆင့်ကတည်းက စီမံကိန်းစက်ဝန်း တစ်ခုလုံးကို ကြိုတင်ဆန်းစစ် လေ့လာသုံးသပ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ပေးချေရသည့် တန်ဖိုးနှင့် ညီမျှသည့် ရလဒ်ရရှိရေးသည်လည်း အရေးကြီးပါကြောင်း။

စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှု အားနည်းလျှင် အကောင်အထည်ဖော်သည့် အဆင့်တွင်လည်း အားနည်းမည်ဖြစ်ပါကြောင်း၊ ဌာန၏ ဆောင်ရွက်နိုင်မည့် စွမ်းရည်ကို ကျော်လွန်ပြီး လုပ်ငန်းများအားလုံးကို ဖြန့်ကျက်ပြီး တစ်ပြိုင်တည်း လျာထားဆောင်ရွက် မည့်အစား အမှန်တကယ် ဆောင်ရွက်နိုင်မည့်၊ ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဦးစားပေးအလိုက် ရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှသာ အားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အတွက် အရေးပါပြီး မပြီးပြတ်သေးသည့် စီမံကိန်းများကို ဦးစားပေး ရွေးချယ်ဆောင်ရွက်ရန် လမ်းညွှန်ထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းသစ်များကို ရွေးချယ်ရာတွင်လည်း ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိမည့် စီမံကိန်းများနှင့် ထုတ်လုပ်မှုစွမ်းအားတိုးတက်နိုင်မည့် စီမံကိန်းများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံကိန်းကိုဆောင်ရွက်ရာ၌ အနာဂတ်တွင် အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် စီမံကိန်းများကို အလေးထား အကောင်အထည်ဖော်ရန်လည်း လိုအပ်ပါကြောင်း။

ယခုနှစ်တွင် လုပ်ငန်းစီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်၊ ပွင့်လင်းမြင်သာမှု တိုးမြှင့်နိုင်ရန်နှင့် နိုင်ငံတော်က ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို ပုဂ္ဂလိကကဏ္ဍအနေဖြင့် သိရှိပြီး ယှဉ်ပြိုင်မှုစွမ်းရည် တိုးမြှင့် လုပ်ဆောင်နိုင်ရန် စီမံကိန်းဘဏ်ကိုလည်း တည်ထောင်ပြီးဖြစ်ပါကြောင်း။

ထို့ကြောင့် စီမံကိန်းဘဏ် ညွှန်ကြားချက်နှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ လုပ်ငန်းစီမံကိန်းများသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပါက ယှဉ်ပြိုင်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာကြရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကပါ ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်း စီမံကိန်းကြီးများ ဆောင်ရွက်ရန်လျာထားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်း၊ ငွေကြေးအရင်းအနှီး လိုအပ်သည့် စီးပွားရေး အခြေခံလုပ်ငန်းများသို့ ချေးငွေများ ဆက်လက်ထုတ်ချေးခြင်း၊ နိုင်ငံတော်က ဖြေလျှော့ပေးထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြောင့် လုပ်ငန်းများတိုးချဲ့လာနိုင်ခြင်း၊ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည့် ညှိနှိုင်းပေါင်းစပ်မှုများ တွန်းအားပေးဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ပုဂ္ဂလိက အသေးစားနှင့်အလတ်စား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်မှန်းထားပါကြောင်း၊ ထို့ပြင် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူ့မျက်နှာကို ထောက်ထားပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ကိစ္စရပ်များကိုလည်း အမျိုးသားစီမံကိန်းရည်မှန်းရန် အဆိုပြုချက်များတွင် ထည့်သွင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။

အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်၏စီးပွားရေးတွင် အဓိကကျသည့် လယ်ယာ ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍကြီးအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိနိုင်ရေး၊ ၂၀၂၀ ခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးတို့အတွက် စီမံဆောင်ရွက်ခြင်း၊ ခရီးသည်နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးတွင် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေး အတွက် လမ်းကွန်ရက်များနှင့် ကျေးလက်လမ်းများ တိုးတက်ကောင်းမွန်လာစေခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ခေတ်မီတိုးတက်လာခြင်း၊ ငွေကြေးဝန်ဆောင်မှု အမျိုးအစားအသစ်များ ဖြစ်ထွန်းလာခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်း တို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသား စီမံကိန်းသည် နိုင်ငံ၏ (GDP)ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ကုန်ခန့်မှန်းခြေတွင် သင့်တင့်သည့် စီးပွားရေး တိုးတက်မှုနှုန်း ရရှိမည်ဟု မျှော်မှန်းထားပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပါကြောင်း။

ထို့ပြင် ကိန်းဂဏန်းအချက်အလက်များမှ မူဝါဒ (Data to Policy) ချမှတ်ရာတွင် စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ ပြည့်စုံမှု၊ တိကျမှု၊ မှန်ကန်ခိုင်မာမှု ရှိရန်လည်း အားလုံးက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တင်ပြချက်ပါ စီမံကိန်းရည်မှန်းရန် အဆိုပြုချက်များတွင် စီမံကိန်းစက်ဝန်းတစ်ခုလုံးအတွက် ကြိုတင် ဆန်းစစ်ပြီးဖြစ်ရန် လိုအပ်သည့်အပြင် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ၊ စီးပွားရေး တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ ပြည်သူပြည်သားများအတွက် အကျိုးရှိ၊ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု၊ မပြု၊ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ၊ မရှိတို့ကို လေ့လာ စိစစ်ပြီးဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ အကန့်အသတ်နှင့်သာရှိသည့် အရင်းအမြစ် များကို ထိရောက်စွာနှင့် စွမ်းရည်ပြည့်ဝစွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။

ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်း စီမံကိန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူပြည်သားများအားလုံး ရရှိခံစားနိုင်ရေးနှင့် အမှန်တကယ် ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုမည့် လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို နိုင်ငံတော်၏ ဗျူဟာမြောက်မူဘောင်အဖြစ် ချမှတ်ထားသည့်အတွက် စီမံကိန်းများ ရေးဆွဲအဆိုပြုရာတွင် အဆိုပါစီမံကိန်းပါ မဏ္ဍိုင် ၃ ရပ်၊ ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာ ၂၈ ရပ်၊ လုပ်ငန်းစဉ် ၂၅၁ ရပ်တို့နှင့် အညီ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မဏ္ဍိုင် ၃ ခုမှ တစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲသည့်အတွက် စီမံကိန်းအားလုံးတွင် နိုင်ငံ တော်၏ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုသည့် လုပ်ငန်းများနှင့် ပြည်သူ လူထုလိုအပ်နေသည့် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်က ဆောင်ရွက်သည့် စီမံကိန်းအားလုံးသည် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်နိုင်မည့်အခြေအနေကို ကြည့်ပြီး အကောင်အထည်ဖော်မည့် စီမံကိန်းများကို ဆုံးဖြတ်ရွေးချယ်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများရွေးချယ်ရာတွင်လည်း ဗျူဟာမြောက် စီမံကိန်းများ ဖြစ်စေရန်အတွက် စီမံကိန်းဘဏ် စိစစ်ရေးလုပ်ငန်းစဉ်များနှင့် စိစစ်ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း။

စီမံကိန်းများကို အကောင်အထည်ဖော်သည့်အခါတွင် အတိတ်က သင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး အားသာချက်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ အားနည်းချက်များကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

စီမံကိန်းများရွေးချယ်ရာတွင် ဘတ်ဂျက်ကိုကြည့်ပြီး ရွေးချယ်ခြင်းမျိုး မဖြစ်ရန် လိုပါကြောင်း၊ ငွေရေးကြေးရေးက အရေးကြီးသော်လည်း အမှန်တကယ် လုပ်သင့် လုပ်ထိုက်သည်ကို ရွေးချယ်ရန် ပိုပြီးအရေးကြီးပါကြောင်း၊ ပြည်သူများ၏ သာယာ ဝပြောရေးနှင့် နိုင်ငံအတွက် အများဆုံးအကျိုးဖြစ်စေသည့် ကိစ္စရပ်များကို အကောင် အထည်ဖော်နိုင်မည့် စီမံကိန်းများ ရွေးချယ်စေလိုပါကြောင်း၊ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဒေသ၊ ကဏ္ဍ လိုအပ်ချက်များနှင့် နိုင်ငံ့လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မဟာဗျူဟာမြောက် စဉ်းစားဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း။

နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောင်ရွက် နေသည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များက နောင်တွင် ဖြစ်ပေါ်လာမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မျှော်တွေးစဉ်းစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ အမျိုးသား စီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ချိတ်ဆက်ပြီး ရေးဆွဲရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံလာမည့် အခက်အခဲနှင့် လိုအပ်ချက်များကို အားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အပြန်အလှန် အချိတ်အဆက်မိမိ ဖြေရှင်းဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဗဟိုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အသစ်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စီမံကိန်းများ ရေးဆွဲသွားကြရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း (အဆိုပြုမူကြမ်း) ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ယနေ့အတည်ပြု ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ချိတ်ဆက်ပြီးရေးဆွဲခြင်း၊ အတည်ပြုချက်ရယူခြင်း၊ အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်ကို သတ်မှတ်ပြဋ္ဌာန်းထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ပြည်သူများ၏ လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ယခင်နှစ်ကထက် ပိုမိုဖြည့်ဆည်းနိုင်ရေးနှင့် ယခုနှစ် စီမံကိန်းများတွင် နိုင်ငံတော်၏အသုံးစရိတ်များကို ပိုမိုကျခံသုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ကျခံသုံးစွဲမှုကို ထိရောက်စေရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ညွှန်ကြားချက် ဘောင်အတွင်းမှ အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေကို စီမံကိန်းကာလတစ်လျှောက်လုံး မျက်ခြည်မပြတ် တစ်စိုက်မတ်မတ် ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးဖြစ်စဉ်များအပေါ် မျက်ခြည်မပြတ်စေရေး သည် အရေးကြီးပြီး မိမိနိုင်ငံအတွက် အကျိုးရှိ ထိရောက်မည့် အစီအမံများကိုလည်း အချိန်နှင့် တစ်ပြေးညီ ချမှတ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် သည့်အခါတွင် ယခင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမျိုးသားစီမံကိန်း များမှ ရရှိခဲ့သည့် အားသာချက်များကို အခွင့်အလမ်းများ ဖြစ်ပေါ်ရေးအတွက် ရယူရမည် ဖြစ်ပြီး တွေ့ကြုံခဲ့သည့် အားနည်းချက်များကို ပြန်လည်စိစစ်သုံးသပ်၍ အလားတူ ဖြစ်ရပ်များ မဖြစ်စေရေးအတွက် ပြုပြင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုလွှတ်တော်၏ အကြုံပြု ဆွေးနွေးချက်များကိုလည်း အလေးထား စဉ်းစား ကြရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်မှု အားကောင်းစွာဖြင့် ပြည်သူတို့၏ လိုအပ်ချက်၊ လိုလားချက်များကိုလည်း စီမံကိန်းရည်မှန်းချက် ဘောင်အတွင်းမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း ဟန်ချက်ညီသည့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ရောက်ရှိရန်အတွက် အားလုံး တက်ညီလက်ညီဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)