နေပြည်တော် ဒီဇင်ဘာ ၁

 

အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၃)နှင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား စံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က နိုင်ငံတော်အတွက် အရည်အသွေးရှိ အခြေခံအဆောက်အအုံ၊ National Quality Infrastructure တည်ဆောက်ရန်လိုအပ်သည့် စံချိန်စံညွှန်းများ ပေါ်ထွက်ပြဋ္ဌာန်းသတ်မှတ်နိုင်ရေး ဆောင်ရွက် ရန် ပြောကြားသည်။

 

ဆက်လက်၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ အမျိုးသား စံချိန်စံညွှန်း ကောင်စီအစည်းအဝေးသို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူမည့် လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်းနှင့် သက်ဆိုင်ရာနည်းပညာ ဆပ်ကော်မတီများအလိုက် အဆိုပြုတင်ပြထားသည့် စံချိန်စံညွှန်းများ၊ ရေးဆွဲ လျက်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်းများနှင့် အများပြည်သူသဘောထား မှတ်ချက်များရယူဆောင်ရွက် ခဲ့ပြီးသော မြန်မာစံချိန်စံညွှန်းမူကြမ်း အကျဉ်းချုပ်များကို ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ကြသည်။

 

 မွန်းလွဲပိုင်းတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသား စံချိန်စံညွှန်းကောင်စီအစည်းအဝေး(၂/၂၀၂၂)၏ အတည်ပြုဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု များတင်ပြခြင်း၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီမှတင်ပြလာသည့် အများပြည်သူ သဘောထားမှတ်ချက် ရယူပြီးသော စံချိန်စံညွှန်းမူကြမ်း(၆၃)ခုကို မြန်မာစံချိန်စံညွှန်းများအဖြစ် အတည်ပြုချမှတ်နိုင်ရေး၊ ရွှေအရည်အသွေးနှင့် အလေးချိန်အတိုင်းတာဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲနိုင်ရေးအတွက် ရွှေစံချိန်စံညွှန်း ရေးဆွဲရေး နည်းပညာဆပ်ကော်မတီကို အတည်ပြုဖွဲ့စည်းနိုင်ရေး၊ နိုင်ငံတကာ အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေများ၊ အမျိုးသားအဆင့်အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (National Certification Body)၏ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်းရှိ ပြည်တွင်း/ပြည်ပ အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေး အဖွဲ့များအား  Registration နှင့် Designation  ပြုလုပ်နိုင်ရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ စံချိန်စံညွှန်း လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ ကိုယ်စားလှယ်များက အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

 

အဆိုပါ အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ၊ ဒေသဆိုင်ရာစံချိန်စံညွှန်းများနှင့်အညီ မြန်မာစံချိန်စံညွှန်းများသတ်မှတ်နိုင်ရေး၊ နိုင်ငံတကာအသိအမှတ်ပြုလွှာနှင့် အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်များထုတ်ပေးခြင်းဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေး၊ ထုတ်လုပ်သူများနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စက်ရုံအလုပ်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။                      

(သတင်းစဉ်)