နေပြည်တော် ဇွန် ၁၉

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏  အလုပ်အဖွဲ့တို့  တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပ ပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်း‌ဆောင် ပြည်‌‌ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦးနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်နှင့်  နိုင်ငံရေးပါတီများ အစုအဖွဲ့၏  အလုပ်အဖွဲ့ ခေါင်း‌ဆောင် ဒေါက်တာအောင်မြတ်ဦး တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းတင်ပြသည်။

ထို့နောက်  နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့က ဆွေးနွေးလိုသည့်အချက် များကိုအဆိုပြုတင်ပြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီဘက်မှ  ဆွေးနွေးလိုသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက်  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က  ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာဘုံသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည်ဟု သုံးသပ် ယူဆရသည့် အဆိုပြုချက်များနှင့်ပတ်သက်၍ နှစ်ဖက် အဆိုပြုချက်များကို အပြန်အလှန် ရှင်းလင်း ဆွေးနွေးညှိနှိုင်းကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားလိုက် ကြောင်းနှင့် ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၂၀ တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်