နေပြည်တော် ဩဂုတ် ၂၁

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ  အစုအဖွဲ့၏  အလုပ်အဖွဲ့တို့ ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်း‌ဆောင် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်နှင့်  နိုင်ငံရေးပါတီများ အစုအဖွဲ့၏  အလုပ်အဖွဲ့ခေါင်း‌ဆောင်  ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က နှုတ်ခွန်းဆက် စကားများပြောကြားကြသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က  တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့က ဆွေးနွေးလိုသည့် အချက်များကို အဆိုပြုတင်ပြကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် က ညှိနှိုင်းရေး ကော်မတီဘက်မှ ဆွေးနွေးလိုသည့်အချက်များအား အဆိုပြုဆွေးနွေးသည်။ ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များနှင့် ပတ်သက်၍ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် အချက်များနှင့် နှစ်ဘက်အဆိုပြုချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။

ဆွေးနွေးပွဲ ဒုတိယနေ့ကို ဩဂုတ် ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်