နေပြည်တော် ဇွန် ၂၅
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC)၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန ဝန်းအတွင်း၌ ကျင်းပသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဉက္ကဋ္ဌနှင့် တက်ရောက်လာကြသူများသည် အဖိုးတန်ရတနာတန်းဝင် ပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်းနှင့် သင်းဝင်ပင်များ စိုက်ပျိုးကြသည်။
ယင်းနောက် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနဝန်းအတွင်း သစ်တောဦးစီးဌာနမှ အဖိုးတန်သစ်မျိုးစုံ၊ အရိပ်ရလေကာပင်နှင့် ဝါးမျိုးစုံ(၁၈၄၆)ပင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ နှစ်ရှည်စားပင် စုစုပေါင်း အပင်(၁၂၁၀)၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ အလှပန်းပင် စုစုပေါင်း (၅၁၄)ပင်၊ စုစုပေါင်း အပင် (၃၅၇၀) စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှုအား ပေးကြသည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုဗဟိုဌာနဝန်းအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် အကျယ် ၀ ဒသမ ၅ ဧက၊ အနက် ၇ ပေရှိ ရေလှောင် ဂါလံ(၁၁)သိန်းခန့် သိုလှောင်နိုင်သည့်ကန်အမှတ်(၁)၊ အကျယ်(၂) ဧက၊ အနက် ၅ ပေရှိ ရေလှောင်ဂါလံ (၃၂)သိန်းခန့် သိုလှောင်နိုင်သည့် ကန်အမှတ်(၂)နှင့် အရှည် ပေ ၁၁၀၀ ရှိရေစုမြောင်း၊ အရှည် ၂၂၃ ပေရှိရေသွင်းမြောင်း၊ ကန်နှစ်ခုကို ဆက်သွယ်ထားသည့်အရှည် ပေ ၂၂၀ ရှိ ဆက်သွယ်ရေးမြောင်း၊ အရှည် ၁၆၅ ပေရှိရေထွက်မြောင်းနှင့် ရေကန်ပတ်လမ်းကူးတံတား ၂ စင်းနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာနဝန်းအတွင်းရှိ အကျယ် ၁၄ ပေ၊ အရှည် ပေ ၃၅၀၀ ရှိသည့် မြေသားပတ်လမ်း ဖောက်လုပ်ထားရှိမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


