နေပြည်တော် နိုဝင်ဘာ ၁

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန( NSPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ ကချင်ပြည်နယ်ရှိ ခရစ်ယာန်အသင်းတော်များမှ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရ ဆရာတော်များတက်ရောက်ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 

 

တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကက်သလစ်အသင်းတော်မှ ဖာသာရ်ဒေါက်တာခါးအောင်တူးတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။

 

ထို့နောက် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်ကြသူများက ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော်ဇေခေါင်နှင့် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ် အမှာစကားပြောကြားကြပြီး တွေ့ဆုံပွဲကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်