နေပြည်တော် ဇူလိုင် ၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် (၁/၂၀၂၆)ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
ထိုသို့ ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် M Gallery ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် နိုင်အောင် မငေးနှင့် နိုင်ဗညားချမ်းနွန်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နိုင်အမ်စိုက်ချမ်း၊ နိုင်ကွန်းစိုက်နှင့် ရုံးအဖွဲ့မှူး နိုင်ဇော်မင်းဦးတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယခုဆွေးနွေး ပွဲသည် အစိုးရသစ်တက်လာပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ကာလတွင် ပြည်နယ်များ၌ ပဋိပက္ခများဖြစ်ပွားခဲ့သော်လည်း မွန်ပြည်နယ်သည် တည်ငြိမ်မှုရှိခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးမည် ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို သက်ဆိုင်ရာသို့ တင်ပြပြီး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းက NSPNC အနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်သည့်နေရာတွင် စေတနာမှန်ကန်မှု၊ နိုင်ငံရေး ဆန္ဒနှင့် စိတ်ရှည်သည်းခံမှုတို့ဖြင့်သာ တည်ဆောက်နိုင်ရေး၊ နိုင်ငံတော်မှ စစ်ရေး၊ နိုင်ငံရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးစသည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးနိုင်ရေး၊ အပစ်အခတ် ရပ်စဲရေး အသီးအပွင့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရေး၊ အလွတ်သဘော တွေ့ဆုံပွဲမှသည် အနှစ်သာရရှိပြီး အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်နိုင်ရန် ပွင့်လင်းမြင်သာစွာဖြင့် အပြန်အလှန် ယုံကြည်မှုနှင့် စဉ်ဆက်မပြတ်လုပ်ဆောင်ရေးကိစ္စတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ မွန် စာပေသင်ကြားနိုင်ရေးကိစ္စ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဆေးဝါးအထောက်အပံ့ရရှိရေးကိစ္စ၊ ရေးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ် မြို့နယ်အနောက်ဘက်ခြမ်း (ဂျိုင်းမြစ် တောင်ဘက် ခြမ်း)၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြောက်ပိုင်း ကျေးရွာများတွင် သတ်မှတ်ထားသည့် ပုံစံအတိုင်း မွေးစာရင်းအချက်အလက်များကို အတည်ပြု မွေးစာရင်းထုတ်ပေးနိုင်ရေး၊ လမ်း၊ တံတားများကို ဦးစားပေး အစီအစဉ်အနေဖြင့် ဆောက်လုပ်ပေးရေး ကိစ္စနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အပြန်အလှန် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ကိစ္စတို့အား ဆွေးနွေးကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NMSP မှ တင်ပြသည့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ယခင် Bilateral တွေ့ဆုံဆွေးနွေးမှုအခြေအနေများနှင့် ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတို့အား ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး လက်မှတ်ရေးထိုး အတည်ပြုကြသည်။
ယင်းနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းက ကျေးဇူးတင်စကား ပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရှိသည်။
သတင်းစဉ်


