mdn

 

တွေ့ဆုံမေးမြန်း - ယမင်းမြတ်အေး

 

ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ယနေ့အသက် ၉၀ အရွယ်၌လည်း ဒီမိုကရေစီ အရေးတော်ပုံတွင် ထိပ်ဆုံးမှ တက်တက်ကြွကြွပါဝင်နေသူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။ ဦးတင်ဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးတစ်ဦးလည်း ဖြစ်ပါသည်။

 

 

(ယမန်နေ့မှအဆက်)

 

မေး။ ။ အဲဒီမှာ ဘဘတို့ကို ဗိုလ်ချုပ်က ဘာတွေများပြောသလဲ၊ ဂျပန်တော်လှန်းရေးနဲ့ပတ်သက်ပြီး ပြောပါသလား။

 

ဖြေ။ ။ အဲဒီမှာတော့ ရယ်ရယ်မောမော၊ ရွှင်ရွှင်ပျပျ သူက စကားတွေ ဘာတွေပြောတယ်။ ကျကျနနပဲ ဝတ်လာတာပါပဲ။ သို့သော် အခမ်းအနားတုန်းကလိုတော့ တကယ့် Full Uniform နဲ့ မဟုတ်ဘူး။ သာမန်ရိုးရိုးပဲ ဝတ်လာပြီးတော့ တပ်မှူးငယ်လေးတွေကိုတွေ့တဲ့အခါကျတော့ “ဘယ်ကလာတာလဲ။ ဘယ်အပတ်က ဆင်းတာလဲ။ ပျော်ရဲ့လား။ စစ်တိုက်ဖူးရဲ့လား” နောက်ပြီးတော့ ပြောသေးတယ်၊ ဆက်လုပ်ဖို့အတွက် စိတ်ကူး သလား။ တိုင်းပြည်လွတ်လပ်ရေးနဲ့ပတ်သက်ပြီး စစ်တိုက်ရဖို့က ကျန်သေးတယ်။ တိုင်းပြည်က တကယ် လွတ်လပ်ရေးမရသေးတဲ့အကြောင်းပြောတယ်။ ဒါပေမဲ့ ဂျပန်တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောဘူး။ နောက်တော့သူက တိုင်းပြည်လွတ်လပ်ရေးက တပ်မှူးတွေ၊ မင်းတို့ လူငယ်တွေအပေါ် မူတည်တယ်ဆိုတဲ့အကြောင်း၊ မင်းတို့လူငယ်တွေ ကြိုးစားကြ ဆိုပြီး အဲဒါလောက်ပဲပြောတယ်။

 

မေးတော့လည်း တစ်ယောက်ချင်းမေးတာပါပဲ။ ကျွန်တော်လည်း မေးတယ်။ ဘေးက တစ်ယောက်လည်း မေးတယ်။ ကျွန်တော်တို့အပတ်မှာ ဆင်းလာတာ နောက် လေးယောက်ရှိတယ်။ ဆိုရှယ်နီမြသွေးက ကျွန်တော် တို့အပတ်ဆင်းတာပေါ့။ နောက် .... သန်းညွန့်ဆိုတာ သေသွားပါပြီ။ အဲဒီတုန်း က သူတို့အချင်းချင်းလည်း ရယ်ရယ်မောမောပဲ။ ကျွန်တော်တို့ကိုလည်း ရယ်ရယ်မောမောပဲ။ အားပေးစကားတွေဘာတွေပြောပြီးတော့ ခဏလေးပဲ စားသောက်ပြီးတော့ သူပြန်သွားရော။ ပြန်မယ်ဆိုပြီးပြန်သွားတော့ နည်းနည်းတောင် မှောင်စပျိုး နေပြီ။ အဲဒါပြီးရင် အငြိမ့်ကမှာ။

 

ကျွန်တော်တို့စားသောက်ပြီးတော့ ဗိုလ်ကြာညွန့် ရောက်လာတယ်။ ဗိုလ်ကြာညွန့်က “ခင်ဗျားအပြင် ပြန်ထွက်ရမယ်။ ပဲခူးချောင်းဖျားသွားရမယ်" အဲဒီတော့ ပဲခူးချောင်းဖျားမှာ ဂျပန်နဲ့တွေ့မယ်။ ဂျပန်တပ်တွေလည်း ရှာဖွေနေတာတွေ့မယ်။ အင်္ဂလိပ်တပ်တွေလည်း လေထီးချတာတွေရှိမယ်။ အဲဒီတော့ ဂျပန်နဲ့တွေ့ရင် မင်းဂျပန်လိုပြောပြီးတော့ ဒီမှာရှိတဲ့ အခြေအနေကို လာကြည့်တာ၊ လေထီးတွေချတယ်ကြားလို့ ဒီသတင်း လာယူတာ။ အထက် အမိန့်နဲ့ တာဝန်အရသွားရတာဆိုတာကိုပြောပြလို့ မှာလိုက်တယ်။ အမိန့် စာလေး လည်းပေးလိုက်တယ်။ အမိန့်စာကတော့ ဗမာလိုရေးထားတာ။ အပေါ်ကျတော့ ဂျပန်နဲ့တွေ့တာပဲ။ တွေ့တော့ ဒီလိုပဲမှာလိုက်တဲ့အတိုင်းပြော ရတာပေါ့။ အခြေအနေသွားကြည့်တယ်။ မကြာခင်ပြန်လာမယ်။ အဲဒီဘက်ကို သွားမယ်ဆိုပြီးတော့။ သူတို့က တံဆိပ်ရိုက်ပေးပြီး သွားခွင့်ပေးလိုက်တယ်။ သွားတော့မှာလိုက်တယ်။ ဇောင်းယား ကုန်းရောက်ရင် ခဏစောင့်ပါဆိုပြီးတော့ အဲဒီအခါ ငါ့လူတစ်ယောက်လာခေါ်မယ်တဲ့။ အဲဒီလူနောက်လိုက်သွား ရမယ်တဲ့။ ဒါပဲပြောထားတယ်။ အဲဒီရောက်တော့ မှောင်နေပြီ။ ည ၈ နာရီ၊ ၉ နာရီ လောက်ရောက်လာတော့ စားစရာတွေ၊ သောက်စရာတွေလည်း ပါလာတယ်။ ပြီးတော့မှ သူပြောတာက ကိုပြားကြီးဆိုတဲ့လူနဲ့ လိုက်သွားရမယ်တဲ့။ သူက ဆရာစံသူပုန်တုန်းက ကိုမြထွန်းရဲ့ သား။ သူက အဲဒီနယ်ကျွမ်းတယ်ဆိုတော့ သူ့နောက်ကို လိုက်သွားရမယ်တဲ့။ ဒီတော့ “မင်းတို့ ဂျပန်တွေ့ရင် ဂျပန်ကို ဒီအတိုင်းပြော၊ အင်္ဂလိပ်ကို တွေ့ရင်လာပြီးတော့ ကြိုပေးတဲ့အဖွဲ့ အနေနဲ့ နောက်ဆက်သွယ်မှုလုပ်ငန်းကို မင်းလုပ်ရမယ်။ ဒါပဲလုပ်ပါ။ မင်းလည်း အင်္ဂလိပ်လိုနည်းနည်းပြောတတ်တော့ ပြောပြီးလုပ်ပေါ့” ဒါပဲပြောတယ်လေ။ အဲဒီတော့ ကျွန်တော်သိပြီ၊ ရိပ်မိတယ်။ တော်လှန်တော့မယ်ထင်တယ်ဆိုတာကို။ သေချာတော့မသိဘူး။ အတိအကျတော့ ဘာမှမပြောပါဘူး။

 

မေး။ ။ တော်လှန်ရေးကာလနောက်ပိုင်းအကြောင်း ပြောပြပါဦး။

 

ဖြေ။ ။ အဲဒီလိုနဲ့ ဖက်ဆစ်တော်လှန်ရေးလုပ်တယ်ပေါ့ဗျာ။ ပြီးတော့တပ်ဖျက်တယ်။ ပြီးတော့ အိမ်ပြန်ကြတာ ပေါ့ဗျာ။ အိမ်ပြန်တော့ အမေ့ကို ပြောတာပေါ့။ အမေရေ....စစ်ဆိုရင်တော့ ရေတောင်စစ်မသောက်ချင်တော့ဘူး လို့။ ကျွန်တော်ပညာပြန်သင်မယ်။ ကျွန်တော် ၁၀ တန်းလည်း အောင်ပြီးပြီ။ Certificate ကလည်း ရှိတယ်။ သွားပြီးတော့ ကျောင်းတက်မယ်ဆိုတော့ ကျောင်းတက်ဖို့ ပြန်လာတော့ အခုကျောင်းနေရာက စစ်တပ်က သိမ်းထားတာ။ အဲတော့ ကျောင်းမဖွင့်ဘူး။ ကျောင်းက ဘယ်မှာဖွင့်လဲဆိုတော့ ရွှေဘုံသာလမ်း ထဲမှာ။ အဲဒီမှာ တိုက်တွေကပိုင်ဆိုင်တဲ့ လူတွေ စစ်စဖြစ်တော့ ထွက်ပြေးသွား တာကိုး။ အဲဒီအိမ်တွေပေါ်မှာ ကျောင်းဖွင့်ထားတယ်။ အဲဒီကျောင်းမှာက ကလေးတွေက သူတို့ ၅ တန်း၊ ၆ တန်းနဲ့ ဂျပန်ဝင်လာတာကိုး။ ဝင်လာ အကုန်လုံး Curriculum တွေဖျက်လိုက်ပြီးတော့ မြန်မာစာရယ်၊ ပထဝီရယ်၊ သမိုင်းရယ်၊ သင်္ချာရယ်က မြန်မာလိုသင်ရတယ်။ ကျန်တာကတော့ ဂျပန်စာပဲ ကျက်ရတယ်။ အင်္ဂလိပ်စာကိုဖြုတ်ပစ်လိုက်တယ်။ အဲတော့ အင်္ဂလိပ်စာမတတ် တော့ဘူး။ အင်္ဂလိပ်ပြန်ဝင်လာတဲ့ အခါကျတော့ အင်္ဂလိပ်စာပြန်သင်တော့ မတတ်တော့ ဒုက္ခရောက်ရော၊ အဲဒီတော့ကျူရှင်တွေ ပေါ်လာရော၊ အဲဒီမှာ ကျူရှင်တို့ဘာတို့ပေါ်လာတော့ အဲဒီမှာစပြီးတော့ ကျူရှင်ဆိုတာ ကြားဖူးတာ။

 

အဲဒီမှာ ကျွန်တော်လည်း ကျူရှင်တွေဘာတွေဝင်ပြဖြစ်တယ်။ ကျွန်တော့်ဦးလေးက ကျူရှင်ပြဖို့ပြောတယ်။ မထူးပါဘူးကွာတဲ့။ “မင်းလည်း လေးတန်း၊ ငါးတန်းလောက်တော့ အင်္ဂလိပ်စာသင်ကွာ” ဆိုတော့ ကျွန်တော် လည်း သင်တယ်။ ဒါပေမဲ့ ကြာလာတော့ မနေချင်ဘူး။ ဒီမှာက မဟာမြိုင်မှာက ကျောင်းမှာက ဖျက်သိမ်းထားတဲ့တပ်တွေနဲ့ လာကြုံနေရတော့ ကျွန်တော်က သူငယ်ချင်းတွေ၊ ဘယ်သူတွေရှိလဲသွားကြည့်တာ၊ တစ်ရက်သွားကြည့်ပြီး ထမင်းစားနေတဲ့ အခါကျတော့ သူတို့ငတ်နေကြတာ။ အဲဒီမှာတပ်က ရိက္ခာ ထုတ်တာက လူ ၈ဝဝ စာ ထုတ်တယ်ပေါ့။ ဒါပေမဲ့ စားတဲ့အခါ ၁၀၀၀ ကျော်သွားတယ်။ ဆိုတော့ သရက်ရွက်တွေပေါ်မှာ လက်ခုပ်တွေပေါ်မှာ တင်ပြီးထမင်းစားရတာ။ နေ့တိုင်း၊ အဲဒီတော့ ဒီနေ့ ၁၀၀၀ လာတယ်ဆိုပြီး နောက် ၁၂၀၀ စာ၊ ၁၅၀၀ စာ တင်တယ်။ တင်တဲ့နေ့မှာ ၂၀၀၀ ဖြစ်တယ်။ အဲဒီလိုပဲ တက်တက်လာတာ။ ဒါပေမဲ့ ရဲဘော်စိတ်ရှိတယ်ပေါ့နော်။ မျှတတော့ စားတာပေါ့။

 

စားနေရင်းနဲ့ တစ်နေ့တော့ ဘယ်လိုဖြစ်လဲဆိုတော့ တချို့လည်းစစ်ဗိုလ် လျှောက်ပြီးမရကြ။ တချို့လည်း လျှောက်ပြီးရပေမယ့်မသွားကြ၊ အဲလိုဖြစ်နေ တာပေါ့။ တပ်ရင်း(၄)ကို သွားတဲ့သူများတယ်။ ဦးနေဝင်းဆီကို သွားတဲ့လူများ တယ်။ နောက်ဟိုဘက်က ဗိုလ်ဇေယျ ဆီသွားတယ်။ နောက်တစ်ခုက ဗိုလ်ချုပ်ကျော်ဇော ဆီသွားတယ်။ ကျွန်တော်ကတော့ အမှန်ကဆရာဝန်ဖြစ်ချင်တာ။ ဒါကြောင့် သိပ္ပံတွဲယူတာ။ ဒါပေမယ်လို့ တစ်နေ့တော့ သွားကြည့်တော့ ဓမ္မိက ဘသန်းက ဟိုတုန်းက officer ကိုး။ အင်္ဂလိပ်တပ်က၊ သူက ဒီတုန်းက တပ်ရင်း (၄)မှာ Liaison officer လုပ်နေတာ။ ကျွန်တော့်ကိုလည်းသိတယ်။ သူက မေးတယ်။ တပ်ထဲပြန်မဝင်ဘူးလားတဲ့။ မဝင်တော့ပါဘူးလို့ ပြောလိုက်တယ်။ ဒါနဲ့မင်းတို့ အင်တာဗျူးလုပ်တုန်းက ဘယ်မှာလုပ်တာလဲတဲ့။ ကျွန်တော် တိုင်း (၄)၊ တပ်ရင်း(၂)၊ တပ်ခွဲ(ခ) မှာ တာဝန်ထမ်းဆောင်တယ်လို့။ ဗိုလ်တင်ဦး လို့ခေါ်တယ်လို့ ပြောတော့။ သူက ဟာ ... မင်းကို ဒါရိုက်ကော်မရှင်ပေးဖို့။ အရာရှိအဖြစ် ခန့်ထားဖို့အတွက် အမိန့်က ဒီမှာတစ်ပါတည်းပါနေတယ်တဲ့။ ဒါကြောင့် ဗိုလ်သင်တန်းကျောင်း သွားတက်ရမယ်တဲ့။ ဆင်းဟတ်ကျောင်း သွားတက်ရမယ်တဲ့။ အဲဒီဆင်းဟတ်ဆိုတာ ဘာလဲဆိုတော့ အင်္ဂလိပ် စစ်သင် တန်းကျောင်းတဲ့။ အဲဒီမှာသူက ... မင်းဘာလမ်းလွဲတာလဲတဲ့။ လွတ်လပ်ရေး မပြီးသေးဘူးတဲ့ပြောတယ်။ ကျွန်တော်ကလည်း ပြန်ပြောတယ်။ “မဟုတ် ဘူး ... ကျွန်တော် ဒီလိုပဲကျောင်းတက်ချင်လို့ပါ။ ကျွန်တော်မဝင်ချင်တော့ဘူး” လို့။ “အမေ့ကိုလည်း ကျွန်တော် ကတိပေးခဲ့ပြီ”လို့လဲ ဆိုရော ... “အမယ်လေး ....... မင်းကွာ တော်တော်မိုက်တဲ့အကောင်၊ လာကွာ ဘာညာ” နဲ့ဆိုပြီးတော့ ခေါ်သွားတော့ ကျွန်တော်လည်း မထူးတော့ဘူး။ အဲဒါနဲ့ပေးဗျာဆိုပြီး ကျွန်တော် လက်မှတ်ထိုးပြီး အဲဒီအမိန့်စာကိုယူလိုက်တယ်။

 

ထိုးပြီးနှစ်ရက်ကြာတော့ ဂျင်မခါနာသွားရတယ်။ သွားတော့အဲဒီမှာ ဆရာဝန်၊ စကော့တစ်ချ် မကြီးနဲ့ သွားတွေ့တယ်။ ကျွန်တော်က ဆေးစစ်ဖို့သွား တာ သူကကျွန်တော့်ကို ဆူလိုက်တာဗျာ။ မင်းလောက်မိုက်တဲ့ အကောင်မရှိဘူး ဆိုပြီး၊ ငါ့မှာသားသမီးတွေ စကော့တလန်မှာ ကျန်ရစ်ခဲ့တာ။ “အခုငါ့သားသမီး တွေ တွေ့ချင်နေတာကြာလှပြီ၊ အခုခွင့်မရသေးလို့ မပြန်ရသေးဘူး။ တပ်ပြန်တဲ့ အခါငါပြန်ရတော့မှာ။ မင်းတို့က စစ်ထဲဝင်တယ်။ တော်တော်မိုက်တဲ့အကောင်လေးပဲ။ မင်းအမေ မင်းကိုမဆူဘူးလား။ မတားဘူးလား” ဆိုပြီးပြောတာ ပေါ့ဗျာ။ “မင်းအမေမင်းကိုလွှတ်သလား။ အမေကိုယ်တိုင်ကလည်း သားသမီး ကို မပြောဘူး။ ငါ့မှာသားသမီး ရှိတယ်” ဒါတွေပဲပြောနေတာ။ ကျွန်တော်ပြော တယ်။ “ခဏနေပါဦး။ ကျွန်တော်တို့က မသွားလို့မရဘူး။ ဒါ လေးပဲလုပ်ပေးပါ" ဆိုတော့ လုပ်မပေးနိုင်ဘူးလို့ သူက ပြန်ပြောတယ်။ မပေးဘူး။ ဒါကြောင့် ကျွန်တော်က ပြောရတယ်။ “မဟုတ်သေးဘူး။ ကျွန်တော်က လွတ်လပ်ရေး အတွက် ကျန်သေးတယ်” သဘောပေါက်အောင်ပြောရတယ်။ အဲတော့မှ သူနားလည်သွားပြီး ... ဒီတော့မှ ပေးဆိုပြီးတော့ဘာမှလည်း မလုပ်ပါဘူး။ အေပလတ်စ်ပလတ်စ် (A Plus Plus) ဆိုပြီး ရေးပေးလိုက်တယ်။ ကဲသွားတော့ ဆိုပြီးတော့။ အဲဒါသွားလည်းပြီးရော၊ ကော်မရှင်နာအရာရှိဖြစ်ပြီးတော့ မေမြို့ ရောက်သွားရော။

 

ကျောင်းဆင်းတော့ဗျာ တပ်မတော်တိုးချဲ့ ဖွဲ့တော့ တော်လှန်ရေးက ရဲဘော်တွေလာတာပေါ့။ သူတို့ကတော့ တော်လှန်ရေးသမားစိတ်ကိုး။ အင်္ဂလိပ်တို့ဘာတို့ညာတို့ကို ကြည်တာမှမဟုတ်တာ။ အထူးသဖြင့် အင်္ဂလိပ် အောက်ကသင်တန်းဆရာတွေကို ပိုမကြည်ဘူး။ ကျွန်တော်တို့လို Commission Officer တွေမဟုတ်ဘူး။

 

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့က သိပ်ကျေးဇူးတင် တယ်ဆိုတာက သူတို့နားမလည်လို့။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို အကောင်းဆုံးဖြစ်အောင် ဖွဲ့စည်းသွားတာ။ ဟိုကပေးတာက ဗိုက်စရယ် ကော်မရှင် (VC) ကိုပေးတာပဲ။ လုပ်ပါဆိုတာက သူ့အောက်က အကောင်ကိုး။ ကျွန်တော်တို့က Subject to British ဆိုတော့ ဒီလိုပဲရမှာပေါ့။ ဒါပေမဲ့ မရဘူး ရအောင်လုပ်တာ။ အဲဒါနဲ့ ကင်းကော်မရှင်(King Commission) ရသွားတာ။ အဲတော့ သင်တန်းပေးနေတာ။ တော်လှန်ရေးကလာတဲ့ ရဲဘော်တွေကို တပ်ဖွဲ့ပြီးတော့ သင်တန်းပြန်ပေးရတယ်။ အဲတော့ ကျွန်တော်က သူတို့ အင်္ဂလိပ်သင်တန်းကျောင်းကိုခြောက်လ၊ ခုနစ်လ ဆင်းပြီးလို့ ဆရာဖြစ်နေတာ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံ ရောက်နေတယ်။ အဲဒီမှာ မှတ်မိသေးတယ်။ သူ့အမျိုးသမီး ဒေါ်ခင်ကြည်ရယ်။ ဒေါ်အောင်ဆန်းစုကြည် နှစ်နှစ်သမီးလေးရယ်ပါလာတယ်။ သမီးလေးတွေ သားလေးတွေပါလာတယ် ဆိုတာ သူလည်းပြောပြတယ်။ တပ်ကိုကြည့်တော့ ကားနဲ့ကြည့်တာ ပေါ့။ ကားပေါ်ကဆင်းပြီး တပ်ကိုလာကြည့်။ အဲဒီမှာသူကမေးတယ်။ ဘယ်ကလာတာ လဲ ဘာလဲပေါ့။ အဲဒီအခါ နောက်ဆုံးတွေ့လိုက်ရခြင်းပဲ။ မေမြို့လာ ဝတ်ထားတာ ကပိုကရိုပဲ။ ဓာတ်ပုံရှိတယ်။ သူအဲဒီစစ်ဆေးတာကို ရိုက်ထားတဲ့ ဓာတ်ပုံရှိတယ်။ တစ်ခါတလေ သူ့ပုံကိုပြတယ်။ တကယ့်ကို ကပိုကရိုနဲ့ မာဖလာတော့ ပတ်ထားတယ်။ အဲဒါ နောက်ဆုံးတွေ့တာပဲ။

 

မေး။ ။ ဆုံးသွားပြီးခါမှ ဂျူဗလီဟောမှာသွားဂါရဝပြုဖြစ်သေးလား။

 

ဖြေ။ ။၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ညနေ သုံးနာရီမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတယ်လို့ကြားတာကိုး။ နောက် အဲဒီမှာသွားပြီး နောက်ဆုံးအလေးပြုတာတစ်ခါ။ အဲဒါကဆေးရုံကြီးမှာပေါ့။ နှစ်ခါသွားတယ်။ နောက်တစ်ခါတော့ သင်္ဂြိုဟ်တော့မယ့်အခါ တစ်ခါသွားအလေးပြုတယ်။ ဂျူဗလီဟောမှာ။ အဲဒါနောက်ဆုံးပဲ။

 

 မေး။ ။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မှတ်ချက်လေးပြောပြပေးပါဦး။

 

ဖြေ။ ။ ဗိုလ်ချုပ်က သူ့ဘာသာသူနေရင်တော့ မှုန်ကုပ်ကုပ်ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒါပေမဲ့ တကယ် စစ်ဝတ်စစ်စားနဲ့ကျတော့ ခန့်ပါတယ်။ တကယ့်စစ်သေနာပတိတို့ရဲ့ အဆောင်အယောင်နဲ့ ဆိုတော့ ကြည့်ကောင်း တယ်။ စစ်စိတ်စစ်သွေးကလည်း ဂျပန်က ကောင်းကောင်းသင်ထားတော့ စစ်စိတ်စစ်သွေးကလည်း သူ့မှာအပြည့် ရှိတယ်။ ကျွန်တော်ကတော့ တိုင်းပြည်အတွက်၊ နိုင်ငံနဲ့လူမျိုးအတွက် အင်မတန်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်လို့ ယုံကြည် ပါတယ်။ တပ်မတော်ကိုဖွဲ့ပြီးတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ညီညွတ် အောင် လုပ်သွားတာ။ လွတ်လပ်ရေးရအောင်လုပ်သွားတာ။ အင်မတန်ချီးကျူး စရာကောင်းတဲ့၊ အင်မတန်ရှားပါးတဲ့ ခေါင်းဆောင်မျိုးပဲ။

 

တပ်ပြန်ဖွဲ့တဲ့အခါ သူနဲ့လာတဲ့ သူတွေအများကြီးပဲ။ အင်မတန်တော်တဲ့ သူတွေပါတယ်။ ဒါပေမဲ့ ရာထူးမပေးဘူး။ တိုင်းရင်းသားကို ပေးတယ်။ ချင်းအမျိုး သားတွေနဲ့လည်း ညီညွတ်အောင် လုပ်သွားနိုင်တယ်။ ရာထူးပေးတဲ့ အခါတွေမှာ ဆိုရင်လည်း ဥပမာ အကြီးဆုံးဖြစ်တဲ့ နေရာသုံးခုရှိတယ် စစ်တပ်မှာ။ စစ်ဦးစီး ဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနဆိုပြီး သုံးခုရှိတယ်။ အဲဒီမှာ စစ်ထောက်ဌာန ကိုအနုဆုံးဂျူနီယာ စောဒေါ်နယ်ဒိုကို ပေးတယ်လေ။ ကရင်ကိုပေးတာ။ သူ့လူတွေကိုပြောတယ်။ မင်းတို့ရထိုက်တယ်။ ဒါပေမဲ့စည်းလုံးညီညွတ်မှု ရအောင်အတွက်ကရင်ကိုပေးလိုက်တယ်။ ဟိုတုန်းကတပ်မတော်သားတွေက စစ်ပြီး ခြောက်လကိုး။ စစ်ပြီးတာနဲ့ ခြောက်လပြီးတာနဲ့ တပ်မှာအကုန်အနား ပေးလိုက်တယ်။ ပြန်နိုင်တယ်။ နောက် India အမျိုးသားတစ်ဦး ပြန်သွား တယ်။ နေရာတွေ လွတ်တဲ့နေရာတွေ အများကြီးဖြစ်သွားတယ်။ အဲဒီနေရာ တွေမှာ ကရင်အမျိုးသားရော၊ မြန်မာအမျိုးသားရော၊ ရှမ်းအမျိုးသားတွေ ထပ်ဖြည့်တယ်။ အဲဒီမှာလုပ်နိုင်တဲ့လူတွေ အများကြီးရှိတာပေါ့။ ဒါပေမဲ့ စောချစ်ခင်ကို နေရာပေးတယ်။ ကရင်တပ်ရင်းက တပ်ရင်းမှူး စောချစ်ခင်ကို ပေးလိုက်တယ်။ အဲဒီတုန်းကတော်တော်များများတောင်၊ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း ဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ ဦးနုကိုတောင်မှ ဦးနုလို့တောင် မခေါ်ဘူး။ ကရင်နုလို့ခေါ်တယ်။ ခေါ်ပြောတယ် သူ့လူတွေကို စည်းလုံးညီညွတ်မှုလိုအပ်တဲ့အတွက် မင်းတို့စီနီယာဖြစ်သော်လည်းပဲ မင်းတို့  နောက်ဆုတ်လိုက်ပါ။ တပ်တွေဆိုလည်း သူ့တပ်နဲ့ သူ့ ကွန်မင်းဒါးနဲ့၊ သို့သော် တပ်တွေထားတဲ့နေရာမှာ ဘယ်လောက်ပဲထားထား၊ ကွပ်ကဲတဲ့နေရာမှာ သိပ်ညီညွတ် ပြီးတော့ တိုင်းပြည်ကောင်းကြောင်းအတွက် အားလုံးတစ်ပေါင်း တည်း လုပ်ကြဖို့၊ ဥပမာအထက်ဗမာပြည် ကျသွားတယ်။ တပ်တွေ အကုန်လုံး ပျက်စီးသွားတယ်။ ဗမာ့တပ်မတော်လည်း တောထဲမှာရောက်သွားတယ်။ အကုန်လုံးဒါကို ဘယ်သူက စုစည်းလဲ ဗိုလ်ချုပ်လွန်တန်က စုစည်းတာ၊ သူစုစည်းပြီးပြန်တိုက်ပေးတာ၊ ဗိုလ်ချုပ်လဇွန်တန် ဆိုတာက ကချင်လူမျိုး၊ ပြည်ထောင်စုအပေါ် အတော်သစ္စာ ရှိတယ်။ တိုင်းပြည်အခြေအနေ အရမ်းဆိုး တဲ့အချိန်မှာ ကချင်ဗိုလ်ချုပ်က ခေါင်းဆောင်ပြီး တပ်တွေကို စုစည်းခဲ့တာ ဒါတွေက ကောင်းတဲ့အစဉ်အလာတွေပဲ။

 

အဲဒါ ၁၉၆၂ ခုနှစ်ကျတော့ တပ်တွေကို နံပါတ်တွေနဲ့ လုပ်လိုက်တဲ့အခါ ကျတော့ မြန်မာတွေက များလာတဲ့ အခါကျတော့ မြန်မာအများစုဖြစ်တော့ မြန်မာအပေါ်မှာမုန်းတာပေါ့။ အဲဒါတွေကို ပြန်ပြင်ဖို့တော့လိုတယ်။ ပေးမယ်ဆိုရင် တန်းတူရည်တူပေးချလိုက်။ ဘာမှဘော်ဒါဝတ်တွေ၊ မြို့စောင့်တပ်တွေ လုပ်မနေနဲ့။ နောက်ပြီး တော့ ပြည်သူ့စစ်တွေ လုပ်မနေနဲ့၊ ပြည်သူ့စစ်ဆိုတာက တော်တော်ဆိုးတယ်။ ပထမတော့ မှင်စာ လေးပေါ့။ နောက်တော့အစွယ်ထွက် လာပြီးတော့၊ နောက်တော့ စစ်ဘုရင်ဖြစ်သွားတယ်။ အဲဒီလိုမလုပ်ရဘူး။ တစ်ခါတည်း နဂိုကတည်းက စည်းနဲ့ကမ်းနဲ့လုပ်သင့်တယ်။ အဲဒါကို ဒီတပ်ကလက်ခံဖို့လိုတယ်။ သူ့ Identity နဲ့ သူ့ပေးလိုက်ပြီးရင်နေပါစေပေါ့။