မော်လမြိုင် ၁၀ ဇွန်
မွန်ပြည်နယ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူး၍ "အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာသင်တန်း" (၁/၂၀၁၉)ကို ယနေ့နံနက် ၈ နာရီခွဲက ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်)၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက အမှာစကားပြောကြားရာတွင် ဒြပ်မဲ့ယဉ်ကျေးမှုဟုဆိုသော ဒေသတစ်ခုနှင့်တစ်ခု မတူညီတဲ့ရိုးရာအစဉ်အလာ ဓလေ့တွေကို ဘိုးဘွားအစဉ်အဆက်ကစပြီး နောင်မျိုးဆက်အသီးသီးတိုင်အောင် ရှင်သန်တည်တံ့နေစေဖို့၊ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ထူးခြားတဲ့ဝိသေသလက္ခဏာရှိသော ပန်းတင်ခုံနှင့် ပန်းထိုးဓလေ့စသော ဒြပ်မဲ့ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ တစ်နေရာက ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခု အခြားတစ်နေရာသို့ ရောက်သွားသည့်တိုင် သူ့ရဲ့မူလဇစ်မြစ် မပျောက်ပျက်စေဖို့ စသည့် ရည်ရွယ်ချက်များနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဝင်များ၊ ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN