နေပြည်တော် ၁၈ ဇွန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ်အမျိုးမျိုးကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိရာ ငါးရာကျပ်တန် ပုံစံသစ်ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရှိပါသည်။ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက် တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားပါသည်။
ငါးရာကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းပုံရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသား ဖြင့် "ငါးရာကျပ်" ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ်ထားပါသည်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ် ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြုပ်နှံထည့်သွင်းထားပါသည်။ ငွေစက္ကူ ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားပါသည်။
ငါးရာကျပ်တန်ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ "CENTRAL BANK OF MYANMAR" စာတန်း အောက်ပိုင်း၌ "FIVE HUNDRED KYATS" ဟူသော စာတန်းများရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်


