ရန်ကုန် ၁၉  ဇူလိုင်

(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်း၊ အမှတ်(၅၄)ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာပေါင်းစုံမှ တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက်ဂါရဝပြုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဗဟိုအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမျိုးကိုကိုနှင့်  ဦးဆူနီလ်၊ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး အယ်လ်ဟာဂျ် ဦးအေးလွင်၊ မြန်မာနိုင်ငံ ဂျူးဘာသာ ခေါင်းဆောင် ဆရာဦးစယ်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ကြိုင် နှင့် အဖွဲ့ဝင်ဒေါ်ကျင်လှ၊ ဆစ်ခ်ဘာသာကိုယ်စားနယ်လှည့် ဆစ်ခ်သာသနာ အကျိုးတော်ဆောင် ဂရာနီးသာရာဆင်း(တောင်ကြီး)၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်း တော်များကောင်စီ ကိုယ်စား သာသနာပိုင် ဒေါက်တာ စံမြတ်ရွှေ တို့က မေတ္တာစကားများပြောကြားကြပြီး ကိုးကွယ်ရာဘာသာများ အလိုက် ဆုတောင်းမေတ္တာပို့သကြသည်။

ဆက်လက်၍ ဂိုဏ်းအုပ်ဆရာတော် ဂျွန်မန်းဆိန်းဃှီ က ဆုတောင်းစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပရိသတ်များက ``ဖြောင့်မတ် မည်ကျူး´´ ဓမ္မဂုဏ် တော်ချီးမွှမ်းပြီး သိက္ခာတော်ရ ဆရာ ဒေါက်တာ Aကိုလေး က ကောင်းချီးမင်္ဂလာပေး၍ ဆုတောင်းပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

mdn


ဆုတောင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တက်ရောက်လာကြသည့် အဖွဲ့များနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဆုတောင်းပွဲသို့ နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဘာသာပေါင်းစုံမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များတက်ရောက်ကြသည်။

သတင်းစဉ်