ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ် (၉၃)ရပ်ကွက်ရှိ အမျိုးသား ကင်ဆာကုသရေးဗဟိုဌာနတွင် ယမန်နေ့က နေ့လယ်စာနှင့် ဆေးရုံသုံးပစ္စည်းများကို အလှူရှင်များက လာရောက်လှူဒါန်းခဲ့သည်။
ကင်ဆာရောဂါဝေဒနာရှင်များနှင့် လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများအား အလှူရှင် ဦးအောင်မြတ်စိုး၊ ဒေါ်ခင်ညိုသွယ်၊ မပွင့်မြတ်စိုး၊ မောင်ဉာဏ်ပိုင်စိုး မိသားစုတို့က နေ့လယ်စာထမင်း၊ ဟင်းနှင့် ရေသန့်၊ မုန့်တို့အား လှူဒါန်းကြပြီး ဆေးရုံသုံးပစ္စည်းများဖြစ်သည့် အောက်စီဂျင်စက် တစ်လုံးနှင့် Patient Trolly တစ်ခုကို လှူဒါန်းခဲ့ရာ သူနာပြုအုပ်ကြီး ဒေါ်ရီရီသန်းက လက်ခံရယူခဲ့သည်။
ထို့နောက် အလှူရှင်မိသားစုတို့က ချွဲစုပ်စက် သုံးလုံးနှင့် Patient Trolly တစ်ခုကို လည်းကောင်း၊ ဦးဝင်းအောင်၊ ဒေါ်ကြည်ကြည်မြ မိသားစုက ချွဲစုပ်စက်တစ်လုံးကို အမျိုးသားကင်ဆာကုသရေးဗဟိုဌာနတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ကြသည်။
ထို့အပြင် အလှူရှင်တစ်ဦးက အမျိုးသားကင်ဆာကုသရေးဗဟိုဌာနတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအား တစ်ဦး လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ကင်ဆာဝေဒနာရှင် ၁၅၈ ဦးတို့ အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)


