နေပြည်တော် ၂၄ နိုဝင်ဘာ

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အကောင်အထည်ဖော်ခြင်း ဆန်းစစ်သုံးသပ်မှု တင်ပြဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက  လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ကို ရရှိနိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းမှ ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများ (low and middle income countries) က ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို (၂၀၁၆) ခုနှစ်တွင် ရှိခဲ့သော ကျန်းမာရေးအခြေခံ အဆောက်အဦများ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာနှစ်အလိုက် ကျန်းမာရေး ဘဏ္ဍာငွေရရှိမှု၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း၊ ကျန်းမာရေးဝန်ဆောင်မှု စနစ်၏ စွမ်းဆောင်နိုင်မှု အရည်အသွေး အခြေအနေ၊ နိုင်ငံ၏ စီးပွားရေးအခြေအနေ စသည်များကို နောက်ခံထား၍ ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း။

ဤအမျိုးသားကျန်းမာရေးစီမံကိန်း၏ ထူးခြားချက်မှာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan (2018 – 2030)) နှင့် သဟဇာတဖြစ်ရန် ရေးဆွဲခဲ့သည့်အပြင် နိုင်ငံတော် အကြီးအကဲများ၏ မူဝါဒပိုင်းဆိုင်ရာ ပြောကြားချက်များကိုလည်း စဉ်းစားထည့်သွင်းရေးဆွဲခဲ့သဖြင့် လက်တွေ့ကျသော စီမံကိန်းကြီး ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ၏ ရည်မှန်းချက်များ (၂၀၃၀) ခုနှစ်တွင် အတိုင်းအတာတစ်ခုအထိ ရရှိနိုင်ရန်အတွက် (၅) နှစ် သက်တမ်းစီရှိသည့် အမျိုးသားကျန်းမာရေးစီမံကိန်း (၃) ကြိမ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အသိပေးခြင်းအခမ်းအနားကို (၂၀၁၇) ခုနှစ်၊ မတ် (၃၁) ရက်တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်ခြင်းသည် နိုင်ငံတစ်ခုအတွက်အကောင်းဆုံး လာဘ်လာဘဖြစ်ကြောင်း"၊ "ပြည်သူပြည်သားများ၏ ကျန်းမာရေးသည် မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော သယံဇာတတစ်ခု ဖြစ်ကြောင်း"၊ "အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) သည် ပြည်သူကို အခြေပြုသော စီမံကိန်းဖြစ်ပြီး လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သောကျန်းမာရေးကို ဦးတည်ရမည်ဖြစ်ကြောင်း"၊ "ပြည်သူပြည်သားများက မိမိကိုယ်တိုင်၏ ကျန်းမာရေးအတွက် ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကြောင်း" တို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါကြောင်း။

အဆိုပါမိန့်ခွန်းတွင်ပါဝင်သော အချက်များကို ဦးတည်၍ အမျိုးသားကျန်းမာရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကိုယ်တိုင်တာဝန်ယူရမည်ဆိုခြင်းမှာ ပြည်သူတစ်ဦးချင်း အနေဖြင့် မိမိကိုယ်ကို ကျန်းမာစေရန်အတွက် "ကျန်းမာသော လူနေမှုပုံစံ (Healthy lifestyle) ဖြင့် နေထိုင်ခြင်း"၊ "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ ကိုယ်လက် လှုပ်ရှား အားကစားပြုလုပ်ခြင်း" နှင့် "ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာ ကျင့်သုံးခြင်း" တို့ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှုများကို အရှိန်အဟုန်မြှင့်၍ ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

အမျိုးသားကျန်းမာရေးစီမံကိန်း၏ အခြေခံအုတ်မြစ်အဖြစ် နိုင်ငံသားအားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (Basic Essential Package of Health Services) များကို နိုင်ငံသားအားလုံး ငွေကုန်ကြေးကျနည်းပါးစွာဖြင့် ရရှိစေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အခက်အခဲများနှင့် အခြေအနေ အကြောင်းကြောင်းကြောင့် အမျိုးသား ကျန်းမာရေး စီမံကိန်းပါ လုပ်ငန်းများအား အလုံးစုံပြီးမြောက်နိုင်ခြင်း မရှိသော်လည်း ဆန်းစစ်သုံးသပ်ချက်များအရ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဟု ဆိုနိုင်ပါကြောင်း။

ယနေ့အစည်းအဝေး၌ ဆွေးနွေးကြရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို အကောင်အထည်ဖော်ရာ၌ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရည်မှန်းချက်အတိုင်း ရရှိမှု ရှိ/ မရှိ၊ ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် ကျော်လွှာဖြေရှင်းနိုင်မှု အခြေအနေ၊ ပြုပြင်မွမ်းမံရန် လိုအပ်မည့် အချက်များကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ချက်များ၊ ဆောင်ရွက်ရန် ကျန်ရှိနေမှုများကို တွေ့ရှိခဲ့ရသော အတွေ့အကြုံပေါ်မူတည်၍ မည်သည့်ပုံစံဖြင့် ဆက်လက်ဆောင်ရွက်သင့်သည်တို့ကို ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း။

ထိုသို့ဆွေးနွေးရာ၌ လက်ရှိတွင် အသုံးပြုနေသော လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှု အခြေအနေပြ အညွှန်းကိန်း (indicator/ parameter) များကို ထပ်မံတိုးချဲ့ရန် (သို့မဟုတ်) လျှော့ချရန် တို့ကိုလည်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယခုအခါ အမျိုးသားကျန်းမာရေးမူဝါဒ (National Health Policy) ကို အသစ် ပြန်လည်ရေးဆွဲခြင်းလုပ်ငန်းမှာ (၈၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ထပ်မံရေးဆွဲမည့် အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၂၁-၂၀၂၅) တွင် အဆိုပါမူဝါဒကို မှီငြမ်း၍လည်း ရေးဆွဲရမည်ဖြစ်ပါကြောင်း။

ထို့ပြင် ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (Health program) (၄၀) ကျော်၏လုပ်ငန်းများ၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အစိုးရဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (Ethnic Health Organization) များနှင့် ပြည်သူများ၏ အခန်းကဏ္ဍများလည်း ပါဝင်ရမည်ဖြစ်ပါကြောင်း၊ အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) လုပ်ငန်းများကို ဆန်းစစ်သုံးသပ်ရာတွင် ကျန်းမာရေး စနစ်ကောင်း တစ်ခုထူထောင်ရန် ပြီးစီးမှုအတိုင်းအတာ၊ နိုင်ငံသားအားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (Basic Essential Package of Health Services) ရရှိနေမှု အတိုင်းအတာတို့ကို ကိန်းဂဏန်းများဖြင့်သာမက ထိရောက်မှု အနေအထားဖြင့်ပါ တိုင်းတာဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ အလားတူ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူများ၏ အမြင်နှင့် ၎င်းစီမံကိန်းလုပ်ငန်းများကြောင့် ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်းမှုအပေါ် သက်ရောက်မှုကိုလည်း ဆန်းစစ်သုံးသပ် ရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၌ (၂၀၁၆) မှ (၂၀၁၈) ခုနှစ် အတွင်း ကိုယ်တိုင်ကျခံသုံးစွဲရသော ကျန်းမာရေးအသုံးစရိတ် (out of pocket expenditure) သည် (၇၆) ရာခိုင်နှုန်းခန့်ရှိနေသဖြင့် မိမိတို့အနေဖြင့် လျှော့ချရန်အတွက် ကြိုးစားဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ လျှော့ချရန် ဆောင်ရွက်ရာ၌ နိုင်ငံတော်၏ ကျန်းမာရေး အသုံးစရိတ်တိုးမြှင့်ခြင်းသည် တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု၏ ရည်မှန်းချက်ဖြစ်သည့် ဆေးကုသမှု စရိတ်ဆိုင်ရာ ငွေရေးကြေးရေးအကာအကွယ်ပေးမှု (financial protection) ကို ရရှိရန်မှာ အမျိုးသားကျန်းမာရေးအာမခံ (National Health Insurance) စနစ်ကောင်းတစ်ခု ပေါ်ပေါက်လာရန်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးအာမခံဥပဒေ (မူကြမ်း) ကိုလည်း အမျိုးသားလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေးအာမခံစနစ် ပေါ်ပေါက်လာရေး လုပ်ငန်းများ ပိုမိုမြန်ဆန်စေရေးအတွက် အဖွဲ့တစ်ခုဖွဲ့စည်းကာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်ကြောင့် ကျန်းမာရေးကဏ္ဍအပေါ်၌ ကာလတိုနှင့် ကာလရှည် အနုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ အကျိုးသက်ရောက်မှုများမှ ကျန်းမာရေးကဏ္ဍ တိုးတက်ရေးအတွက် အခွင့်အလမ်းများရှာဖွေ၍ မဖြစ်မနေ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ဤ ကိုဗစ်-၁၉ ဖြစ်စဉ်ကာလ၌လည်း ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်၏ လုပ်ငန်းများကိုလည်း လစ်ဟာလျော့ဆင်းမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ ယခု ဆွေးနွေးပွဲတွင် ဆွေးနွေးချက်များ၊ အကြံပြုချက်များနှင့် သုံးသပ်ချက်များကို ဝန်ကြီးဌာနမှ အလေးအနက်ထား စဉ်းစားကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်စင်ထူးက အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) အကောင်အထည်ဖော်ဆောင်ခြင်း ဆန်းစစ်သုံးသပ်မှုများအား ရှင်းလင်းတင်ပြရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို နိုင်ငံသားများ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိရေးနှင့် ဆေးကုသမှုအတွက် ငွေကြေး ဒုက္ခရောက်မှုတို့ကို တတ်နိုင်သမျှကာကွယ်ရေး လိုအပ်သည့် အခြေခံများအတွက် ရေးဆွဲဆောင်ရွက်ခဲ့မှု၊ ကနဦးဆန်းစစ်တွေ့ရှိမှုများအရ (၂၀၂၀) ပြည့်နှစ်တွင် (၂၀၀၀) ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အတိုင်းအတာများ (၂) ဆခန့်အထိ မြင့်မားတိုးတက်လာသည်ကို တွေ့ရှိရမှု၊ ရောဂါသုံးခု တိုက်ဖျက်ရေးလုပ်ငန်းများတွင် အောင်မြင်မှုများ၊ ကျန်းမာရေးဝန်ဆောင်နိုင်စွမ်းအဆင်သင့်ဖြစ်မှု (supply side readiness for UHC) သည်လည်း ပဋိပက္ခဖြစ်ပွားနေသော နေရာဒေသနှင့် ဝေးလံခေါင်သီဒေသများမှလွဲ၍ ကျန်နေရာ ဒေသများတွင် တိုးတက်လာမှု၊ နိုင်ငံသားအားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ်ကျန်းမာ ရေးစောင့် ရှောက်မှုလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ခဲ့မှု၊ အားလုံးပါဝင်သော မြို့နယ် ကျန်းမာရေး စီမံကိန်း (Inclusive township health plan) များ ရေးဆွဲခဲ့မှု၊ အမျိုးသားကျန်းမာရေး အသုံးစရိတ်မှတ်တမ်း (National Health Account) (၂၀၁၆-၂၀၁၈) ကို ပြုစုထုတ်ဝေခဲ့မှု၊ အမျိုးသား ကျန်းမာရေးအာမခံဥပဒေ (မူကြမ်း) ကို အမျိုးသားလွှတ်တော်တွင် ရှင်းလင်းဆွေးနွေးနိုင်ခဲ့မှု၊ အမျိုးသားကျန်းမာရေးအာမခံစနစ် အကောင်အထည်ဖော်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဗျူဟာမြောက်ဝယ်ယူခြင်း (strategic purchasing) အား ကနဦးဆန်းစစ်မှုများ ပြုလုပ်နေမှုအပါအဝင် လုပ်ငန်းများ စသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို တင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးတက္ကသိုလ်များမှ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှူးများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ World Bank၊ ADB၊ CPI၊ USAID၊ FCDO UK နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးအကြံပြုမှုများပြုလုပ်ခဲ့ရာတွင် -ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များ လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်နိုင်ရန် ကိစ္စရပ်များ၊ ကျေးရွာကျန်းမာရေး ကော်မတီ/ လူထုအခြေပြုကျန်းမာရေး လုပ်ငန်းအဖွဲ့များ၏ အခန်းကဏ္ဍ၊ လူထုအခြေပြု ကျန်းမာရေး လုပ်သားမူဝါဒ (၂၀၂၀) ကို ရေးဆွဲနိုင်ခဲ့မှုနှင့် အကောင်အထည်ဖော်ခြင်း ကိစ္စရပ်များ၊ လူထုအခြေပြု ကျန်းမာရေးလုပ်သားများနှင့် ပတ်သက်၍ သုတေသနများပြုလုပ်ထားရှိမှု၊ ပြည်သူလူထုအကြား လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ပတ်သက်၍ ပိုမိုသိရှိ နားလည်လာရေးနှင့် ပြည်သူများ၏ အမြင်များ ပိုမိုသိရှိနိုင်ရေးကိစ္စရပ်များ၊ အခြေခံ အဆောက်အဦများဆိုင်ရာ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများနှင့် အညီဆောင်ရွက်နေမှုများ၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် မကူးစက်တတ်သော ရောဂါများကာကွယ် နှိမ်နင်းရေး ကိစ္စရပ်များ၊ မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးဝန်ဆောင်နိုင်စွမ်း အဆင်သင့်ဖြစ်မှု ကနဦးဆန်းစစ်မှုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်၊ ကျန်းမာရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့ (UHC Day) ကျင်းပရန် အကြံပြုချက်များ၊ အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၂၁-၂၀၂၅) ရေးဆွဲရာတွင် ထည့်သွင်းသင့်သည့် အချက်များ စသည်တို့ကို အသီးသီးဆွေးနွေးအကြံပြုခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမျိုးသား ကျန်းမာရေးအာမခံဥပဒေ ခိုင်မာစွာပေါ်ပေါက်လာရေးသည် အရေးကြီးသည့်အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးဌာနမှ တက္ကသိုလ်အသီးသီးရှိ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများတွင် ပိုမိုထည့်သွင်း သင်ကြားဆွေးနွေးရန်တို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေး အကြံပြုမှုများသည် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၂၁-၂၀၂၅) ရေးဆွဲရန်များစွာ အထောက်အကူပြု မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများ၏ အမြင်များကို ယခုထက်ပိုမိုသိရှိနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေး ဆွေးနွေးပွဲ (People Health Assembly) များ ပြုလုပ်သွားစေလိုပါကြောင်း။

ထိုသို့ပြုလုပ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပြုမှုများ ပေးအပ်စေလိုပါကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs and NGOs) များ အနေဖြင့်လည်း မကူးစက်နိုင်သောရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုပံ့ပိုး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခု အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကာလအတွင်းတွင် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို အတတ်နိုင်ဆုံး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၂၁-၂၀၂၅) ကိုရေးဆွဲရာတွင် ဘက်ပေါင်းစုံ ပါဝင်စေရေး (all inclusive) အတွက် ဝိုင်းဝန်းအကြံပြုကာ ရေးဆွဲသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်