ပြင်ဦးလွင် ၁၆ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ (Htoo Group Of Companies ) မှ တာဝန်ရှိသူများ ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားကန်တော်ကြီးဥယျာဉ် ( ပြင်ဦးလွင်)၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်လွှတ်တင်ကာ စတင်ဖွင့်လှစ်ပြီး တိုင်းဒေသကြီး -လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက (၁၄) ကြိမ်မြောက် ပန်းပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Htoo Group Of Companies ) မှ တာဝန်ရှိသူတစ်ဦးက အမျိုးသား ကန်တော်ကြီးဥယျာဉ် ( ပြင်ဦးလွင် ) ၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော်အား ယခင်နှစ်များနှင့် မတူအောင် ပန်းအလှဆင်နည်းပညာများ၊ ပန်းစိုက်ပျိုးနည်းပညာများ ၊ ပန်းမျိုးများအကြောင်းကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ပန်းအလှဆင် အကများဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေကြပြီး နိုင်ငံကျော်တေးသံရှင်များက ပွဲတော်လာ ပရိတ်သတ်များအား ဧည့်ခံဖျော်ဖြေ ခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ခရိုင်၊ ပြန်/ဆက်)