နေပြည်တော် ၁ ဇွန် 


အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အရှေ့ကုန်း ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ၌ ကျင်းပသည်။
    

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံ၏ကျေးလက်နေလူဦးရေ (၄၃ ဒသမ ၆) ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးသုံးစွဲနိုင်သေးသည့်အတွက် ကျန်(၅၀)ရာခိုင်နှုန်းကျော် ကျေးလက်နေ ပြည်သူများသည် လျှပ်စစ်မီးရရှိရန် အထူးမျှော်လင့် တောင့်တလျက်ရှိကြကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမှုသည် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိရာ မြို့ပြကျေးလက်အားလုံး လွှမ်းခြုံအသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက လျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်လျက်ရှိပြီး မဟာဓာတ်အားလိုင်းနှင့် အလှမ်းကွာဝေးသည့်ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ မဟာဓာတ်အားလိုင်းပြင်ပစနစ်ကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းတွင် အဓိကပါဝင်ကြသည့် ဌာန၊ ကုမ္ပဏီနှင့် ဒေသခံပြည်သူများက မိမိတို့ကျရာအခန်းကဏ္ဍက ညီညွတ်စွာဆောင်ရွက်ကြခြင်းဖြင့် စီမံကိန်း၏ မျှော်မှန်းချက်အောင်မြင်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းပြောကြားသည်။
    

ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာစိုးသန်းတို့က အမှာစကားပြောကြားကြသည်။
    

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ Mega Global Green  ကုမ္ပဏီမှ တာဝန်ရှိသူက စီမံကိန်းလုပ်ငန်းဆိုင်ရာများကို လည်းကောင်း ရှင်းလင်းတင်ပြပြီး ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌက ကျေးရွာကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

 

1

    

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်တို့က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က စက်ရုံအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
    

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဓါတ်အားပေးစက်ရုံနှင့် ကျေးရွာအတွင်း လျှပ်စစ်မီးအသုံးပြု၍ အသေးစား စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
    

မဟာဓာတ်အားလိုင်းပြင်ပစနစ်ကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အဆိုပါစီမံကိန်းအရ (၂၀၁၆−၂၀၁၇) ဘဏ္ဍာရေးနှစ်မှ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်အထိ၊ နှစ်နှစ်တာကာလအတွင်း တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း(၄၀၇၄) ရွာ၊ အိမ်ထောင်စု (၂၃၀ဝ၀ဝ) ခန့်နှင့် အများပြည်သူပိုင် အဆောက်အဦး (၃၀ဝ၀ဝ) ကျော်တို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။ အလားတူ အသေးစားဓာတ်အား စနစ်အနေဖြင့်လည်း ကျေးရွာပေါင်း (၄၅) ရွာ၊ စီမံကိန်းလုပ်ငန်းပေါင်း (၃၄)ခုကို ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank)၊ ဂျာမနီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့၏ နည်းပညာအကူအညီများရယူ၍ ဆောင်ရွက်ပေးနိုင်ခဲ့သည်။     
    

NEP စီမံကိန်းအနေဖြင့်ယခု ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသေးစားဓာတ်အားစနစ်ဖြင့် ကျေးရွာပေါင်း(၁၀ဝ)၊ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၂၀ဝ၀)ကျော်၊ အိမ်ထောင်စုပေါင်း (၁) သိန်းကျော်အတွက် ကျေးလက်မီးလင်းရေး ဆောင်ရွက်သွားရန် လျာထားပြီး ယခုအခါ ရှေ့ပြေးတပ်ဆင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။
    

၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပြီးစီးလျှင် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ (၂၅ ဒသမ ၆) ရာခိုင်နှုန်းခန့်အထိ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။


ယနေ့ဖွင့်လှစ်သော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်းသည် စည်ပင်ရွာမ၊ စည်ပင်ရွာသစ်နှင့် စည်ပင်တပ်ပိုး ကျေးရွာများ၌ (၈၀) ကီလိုဝပ်အရံ ဒီဇယ်အင်ဂျင် စနစ်ပါဝင်သော (၇၅) ကီလိုဝပ်ဆိုလာအသေး စားဓာတ်အားစနစ်လုပ်ငန်းကို ကျေးရွာ-ကုမ္ပဏီနှင့် ကျးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘတ်ဂျက်တို့ဖြင့် ငွေကျပ်(၇၂၆)သန်းကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းမှ စည်ပင်ကျေးရွာ (၃) ရွာရှိ အိမ်ခြေပေါင်း (၃၀ဝ)ကျော်နှင့် အသေးစား ကုန်ထုတ်လုပ်ငန်းပေါင်း (၁၃၀)ကျော်တို့ကို အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်

 

1