နေပြည်တော် ၅ သြဂုတ်

 

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ကွန်ကရစ်တိုင်ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းအပ်နှံရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လဲလှယ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် “၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း နေရာဒေသများအားလုံး  လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန်” ရည်ရွယ်၍ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (National Electrification Project) ကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၃၁၀ ရယူ၍ ပထမအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်း၊ ပဲခူး(အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများ အတွင်းရှိ ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာတို့အား NEP-I စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း။

 

ဒုတိယအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်း၊ ပဲခူး(အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ ဓာတ်အားစနစ်မှ ၃ မိုင်အတွင်း ကျေးရွာ ၄၇၀၀ ရွာကို လျှပ်စစ်ဓာတ်အားရရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ NEP-II စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ချေးငွေရယူနိုင်ရေး ကိစ္စရပ်များကိုလည်း ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့အပြင် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှု အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးယူရေးနှင့်စပ်လျဉ်း၍ ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ အတည်ပြုပေးခဲ့ပြီးဖြစ်၍ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း (၆၀ ဒသမ ၅)မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၅၆၄.၅)မိုင်၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ (၈)ရုံ၊ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ (၃၆)ရုံတို့တွင် စုစုပေါင်း (၃၈၅)အမ်ဗွီအေ တည်ဆောက်သွားမည်ဖြစ်ကြောင်း။

 

ယင်းစီမံကိန်းကြောင့် ကျေးရွာ (၂၈၁၅)ရွာနှင့် အိမ်ထောင်စု (၄၀၀,၃၀၀)တို့တွင် အကျိုးခံစား ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသော အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းနှင့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှု အဆင့်မြှင့်တင်ရေး စီမံကိန်းတို့ ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းပြည့် မီးလင်းရေး ရည်မှန်းချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါကြောင်း။

 

NEP-I ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်အထိ စုစုပေါင်း  ၃၀၃၉ ရွာတွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီး၍ ကျေးရွာ ၂၅၈၃ တွင် မီးလင်းပြီးဖြစ်ပါကြောင်း၊  NEP-I ဒုတိယအဆင့် ပစ္စည်းဝယ်ယူရေး တင်ဒါများအားလုံး တင်ဒါခေါ်ဆိုပြီးဖြစ်ပြီး ယနေ့စာချုပ်လဲလှယ်သည့် ကွန်ကရစ်တိုင် ဝယ်ယူရေးတင်ဒါသည် NEP-I ဒုတိယအဆင့်အတွက် ပစ္စည်းဝယ်ယူရေး တင်ဒါများအနက် သတ္တမအကြိမ် မြောက်ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် ဝယ်ယူမည့်စာချုပ် ဖြစ်ပါကြောင်း၊ NEP-I ဒုတိယအဆင့်အတွက် ဝယ်ယူထားသော ပစ္စည်းများအနက် ထရန်စဖော်မာ (၁၈)ရာခိုင်နှုန်းနှင့် ကွန်ကရစ်တိုင် (၆၂)ရာခိုင်နှုန်း ရောက်ရှိပြီးဖြစ်ပါကြောင်း။

 

NEP-I ဒုတိယအဆင့် တည်ဆောက်ရေးတင်ဒါများ အားလုံးသည်လည်း တင်ဒါခေါ်ဆိုပြီးဖြစ်ပြီး ယနေ့စာချုပ် လဲလှယ်သည့် တည်ဆောက်ရေးတင်ဒါသည် NEP-I ဒုတိယအဆင့်အတွက် တည်ဆောက်ရေး တင်ဒါတွင် ပထမဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်းရှိ ကျေးရွာများ ဓာတ်အားရရှိရေးအတွက် လုပ်ငန်းအပ်နှံမည့် စာချုပ်များဖြစ်ပါကြောင်း။

 

NEP-I ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၃ မိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၉,၇၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၁,၁၆၆,၄၃၁ စုခန့် လျှပ်စစ်ဓာတ်အား ရရှိလာမည်ဖြစ်ပြီး အဆိုပါချေးငွေကြောင့် စုစုပေါင်း Electrification Rate ၁၀ ဒသမ ၇၂ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဖြစ်ပါကြောင်း။

 

ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံတော်အဆင့် လုပ်ငန်းဖြစ်၍ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း တိတိကျကျ ဆောင်ရွက်ပြီးစီးနိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးတို့ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က NEP စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်နှင့် ကွန်ကရစ်တိုင်များဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ တာဝန်ရှိသူများသည် စာချုပ်များအား အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

 

သတင်းစဉ်