နေပြည်တော် ၂၀ သြဂုတ်


အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မေးခွန်းရှင်ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရေလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

085

 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများအနက် ဆောင်ရွက်ရန်ကျန်ရှိသည့် မေးခွန်းများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်မှာကြားသည်။ 

ထို့နောက် မေးခွန်းရှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မိမိတို့မေးမြန်းခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မတီအဖွဲ့ဝင်များက လေ့လာစိစစ်တွေ့ရှိချက်များကို တင်ပြဆွေးနွေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးသည်။

အစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီအဖွဲ့ဝင်များ၊ မေးခွန်းရှင်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေလုပ်ငန်းရှင်များနှင့်အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်