နေပြည်တော် ၆ ဩဂုတ်
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီသည် မေးခွန်းရှင်ကိုယ်စားလှယ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား ကော်မတီအဖွဲ့ဝင်များက မေးမြန်းဆွေးနွေး၍ ပေါင်းစပ်အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ မေးခွန်းရှင်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်