နေပြည်တော် ၆ ဒီဇင်ဘာ
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့ ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် အမှတ် (အိုင် ၂၀) ကော်မတီ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာအစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ နဝမပုံမှန် အစည်းအဝေးတွင် အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များဖြစ်ပေါ်ခဲ့သည့် အဆိုနှင့် မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်းအတည်ပြုသည်။
ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီအတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေး တင်ပြပြီး ကော်မတီဥက္ကဋ္ဌက ပြန်လည်သုံးသပ် ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားသည်။
(သတင်းစဉ်)
