စစ်တွေ ၁၀ ဒီဇင်ဘာ
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်သည် ယနေ့တွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် အငူကျေးရွာရှိ ရှေးဟောင်းရင်ရိုးတော်ဓာတ် စေတီတော်တွင် ဓာတ်လှေကား တပ်ဆင်ရန်အတွက် အလှူငွေများပေးအပ်ပြီး မြေပုံမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်သည်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် အငူကျေးရွာရှိ ရှေးဟောင်းရင်ရိုးတော်ဓာတ် စေတီတော်တွင် ဓာတ်လှေကား တပ်ဆင်ရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာညီလှငယ်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှေးဟောင်းရင်ရိုးတော်ဓာတ် စေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ် မြေပုံမြို့နယ် အငူကျေးရွာရှိ ရှေးဟောင်းရင်ရိုးတော်ဓာတ် စေတီတော်တွင် ဓာတ်လှေကားတပ်ဆင်ရန်အတွက် အလှူငွေကျပ် သိန်း (၁၅၀)ကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်အေးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်အေးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့သည် အဆိုပါဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ ဒုက္ခရောက်လျက်ရှိပြီး တိုက်ပွဲရှောင်ပြည်သူများ တိုးပွားလျက်ရှိသည်ဟု ကြားသိရပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ လိုအပ်ချက်များရှိသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့ ပေးအပ်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အထောက်အကူဖြစ်စေရန် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ အစီရင်ခံစာပြုစုရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုက်ပွဲရှောင်စခန်းများတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်ထောက်ပံ့မည့် အစီအစဉ်များလည်းရှိပါကြောင်း၊ လိုအပ်ချက်ရှိပါက တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေး ပြီးပြတ်သွားရန်၊ ပြဿနာများပြေလည်ပြီး အမြန်ဆုံးရပ်တန့်သွားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တိုက်ပွဲရှောင် ပြည်သူများဖြစ်သော အိမ်ထောင်စု (၈၀၂) စု၊ လူဦးရေ (၃၀၃၂)ဦးအတွက် ဆန်ရိက္ခာနှစ်ပတ်စာ ထောက်ပံ့ငွေကျပ် (၁၂၇၃၄၄၀၀) ကို ထောက်ပံ့ပေးအပ်ရာ မြို့မိမြို့ဖများက လက်ခံရယူကြသည်။
ထို့နောက် မြေပုံမြို့နယ်မှ ဦးမျိုးသိန်းနှင့် ဦးအောင်မြင့်သိန်းတို့က ကျေးဇူးတင်စကား ပြောကြားပြီး ပြည်နယ်အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်မြင့်က ဆက်လက်ထောက်ပံ့ပေးအပ်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အဆိုပါ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ဆက်လက်တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က မိမိတို့အဖွဲ့ ရခိုင်ပြည်နယ်သို့ ယခုတစ်ကြိမ် လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ ပြောင်းလဲမှု အခြေအနေများ၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို သိရှိပြီး အစီရင်ခံစာ ရေးသားတင်ပြနိုင်ရန်အတွက် ဖြစ်ပါကြောင်း။
မိမိတို့ကော်မတီသည် ကြားဖြတ်အစီရင်ခံစာကို ရေးသားတင်ပြပြီးဖြစ်ပါကြောင်း၊ အပြီးသတ် အစီရင်ခံစာအတွက် ဒုတိယမူကြမ်းကို ရေးသားပြုစုပြီးဖြစ်ပါကြောင်း၊ တတိယမူကြမ်း သို့မဟုတ် အပြီးသတ်အစီရင်ခံစာကို ရေးသားရာတွင် အထောက်အကူဖြစ်စေမည့် ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အချက်အလက်များကို ရရှိနိုင်ရန် အစိုးရအဖွဲ့ဝင်များနှင့် ယခုလိုတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အစီရင်ခံစာကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရေးသားတင်ပြနိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တိုက်ပွဲအခြေအနေများကို သိရှိလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် တည်ငြိမ်မှုအခြေအနေ၊ တိုက်ပွဲများအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ ပြည်သူများနှင့် ဝန်ထမ်းများအတွက် လုံခြုံရေးဆောင်ရွက်ပေးထားမှု အခြေအနေ၊ တိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ရေး၊ စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအလိုက် ဆောင်ရွက်ပေးထားမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများအခြေအနေ၊ အုပ်ချုပ်ရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအခြေအနေများနှင့် အစီရင်ခံစာတွင် ထည့်သွင်းရေးသားမည့် အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်သည် ရခိုင်ပြည်နယ်အတွင်းမှ တွေ့သင့်တွေ့ထိုက်သူများနှင့် ပြည်နယ်အစိုးရ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးအထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က တွေ့ဆုံရသည့် အဓိကအကြောင်းရင်းမှာ လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဒုက္ခသည်များ တိုးပွားလာပါကြောင်း၊ ထိုတိုက်ပွဲများကို အကြောင်းပြု၍ စီးပွားရေးကဏ္ဍတွင်လည်း ထိခိုက်မှုများရှိပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်သည့်လူအဖွဲ့အစည်းတစ်ခုဖြစ်အောင် နိုင်ငံရေးပါတီများနှင့် ရပ်မိရပ်ဖများ၏ အမြင်သဘောထားကို ရယူရန်ဖြစ်ပါကြောင်း။
ယခုတွေ့ဆုံပွဲမှ ပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များကို အခြေခံပြီး အစီရင်ခံစာကို ပြင်ဆင်၊ ဖြည့်စွက် ရေးသားသွားမည်ဖြစ်ပါကြောင်း၊ မူကြမ်းလည်း ရေးသားပြီးဖြစ်ပါကြောင်း၊ အပြီးသတ် အစီရင်ခံစာတင်ရန် ကျန်ရှိပါကြောင်း၊ အပြီးသတ်အစီရင်ခံစာတင်သည့်အခါ လက်ရှိအခြေအနေများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်များသည် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများအကြောင်းကို မိမိတို့ထက် ပိုမိုသိမြင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် အကြံကောင်း၊ ဉာဏ်ကောင်းများနှင့် ဝေဖန်သုံးသပ် ထောက်ပြလမ်းညွှန်မှုများကို ခံယူလိုပါကြောင်း။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ပြန်လည်သုံးသပ်ပြီး နောင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ အနာဂတ်ကိုမျှော်တွေး၍ နောင်လာနောက်သားများ၏ ရှေ့ရေးကိုထည့်သွင်းစဉ်းစားပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များက ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရေး၊ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
ညနေ ၃ နာရီခွဲတွင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၌ တွေ့ဆုံသည်။
ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အစိုးရဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြမည့် အချက်အလက်များနှင့် ဖြေရှင်းရန် အကြံပြုဆွေးနွေးမှုများသည် မိမိတို့ကော်မတီအတွက်သော်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွက်သော်လည်းကောင်း အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်းနှင့် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ ရခိုင်ပြည်နယ်အတွင်း လက်နက်ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ပြည်နယ်အတွင်း မတည်မငြိမ်မှုများ၊ ပြည်သူများ ဒုက္ခရောက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများအနေဖြင့် မိမိတို့လိုချင်သော ပန်းတိုင်နှင့် ရည်ရွယ်ချက်များ ပြည့်ပြည့်၀၀ရရှိအောင် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တိုက်ပွဲများ ရပ်တန့်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်နည်းလမ်းများကို အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်