တွေ့ဆုံမေးမြန်း
နန္ဒာဝင်း

 

နိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို မှန်ကန်မျှတစွာ ရရှိခံစားနိုင်စေရန် လိုအပ်ပြီး နိုင်ငံသားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် နိုင်ငံသားတစ်ဦးချင်းစီ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်လျက် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၇ (ဂ)အရ ဖွဲ့စည်းခဲ့သည်။

 

 

ကော်မတီသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက်လည်းကောင်း၊ အမေရိကန်သံရုံးမှ လူ့အခွင့်အရေး၊ ဘာသာရေး၊ ပြည်တွင်းပဋိပက္ခများနှင့် လူမှုအဖွဲ့အစည်း ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့်လည်းကောင်း၊ စီးပွားရေးကဏ္ဍ၌ စီးပွားရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများအကြား တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။

 

 

ထို့အတူ အကျဉ်းသားများ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာသိရှိရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အကျဉ်းထောင်များသို့ သွားရောက်၍ အကျဉ်းသားများနှင့် တွေ့ဆုံကာ အကျဉ်းသားများ၏ လူ့အခွင့်အရေး အခြေအနေများနှင့် စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြံပြုပေးပို့ခဲ့သည်။

 

 

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းများသို့လည်း သွားရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည့်အပြင် ကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာများကို လည်း စိစစ်ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အခါအားလျော်စွာ အလုပ်ရုံဆွေးနွေးပွဲများ သို့ တက်ရောက်ဆွေးနွေးခြင်း၊ ရက်တိုသင်တန်းများ တက်ရောက်ခြင်း၊ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက် နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

 

mdn
အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက် 

 

 

မေး။ ။ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ရှင်းပြပေးပါဦး။

 

 

ဖြေ။     ။ ကျွန်တော်တို့ ကော်မတီအနေနဲ့ အမျိုးသားလွှတ်တော်က တာဝန်ပေးအပ်တဲ့ လုပ်ငန်း တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေ အတွင်းက ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ အဲဒီအထဲက အဓိကကျတဲ့ အချက်ကို ပြောရရင် နိုင်ငံသားတိုင်း တရားမျှတမှုနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေး ရရှိဖို့ဖြစ်ပါတယ်။ ပြောရရင် နိုင်ငံသူ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ/နည်းဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးအပြည့်အဝရရှိဖို့ပဲ ဖြစ်ပါတယ်။

 

 

နိုင်ငံသားတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အတွက် တိုင်ကြားစာတွေ၊ အသနားခံစာတွေ၊ တင်ပြချက်တွေကို ကော်မတီအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်နိုင်ပါတယ်။ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ချက်တွေကို လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် လွှတ်တော်မှာ တင်ပြ အစီရင်ခံခွင့်ရှိပါတယ်။ ဒါကတော့ လုပ်ငန်းတာဝန်တွေထဲက အဓိကအချက်ကို ပြောကြားခြင်းဖြစ်ပါတယ်။

 

 

နောက်တစ်ခုက ကော်မတီရဲ့လုပ်ပိုင်ခွင့်တွေကို ပြောရမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ သံသယရှိရင် ဖိတ်ကြားပြီး ဆွေးနွေးနိုင်သလို အခင်းဖြစ်တဲ့ နေရာကိုလည်း ကွင်းဆင်း မေးမြန်း ဆွေးနွေးနိုင်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေး ဟောပြောတာတွေကိုလည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ တက်ရောက်နိုင်ပါတယ်။

 

ကျွန်တော်တို့ကော်မတီအနေနဲ့ ကော်မတီရဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်အတွင်းက အတတ်နိုင်ဆုံး နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးတွေကို ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်။

 


မေး။     ။ ပြည်သူလူထုအနေနဲ့ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုသိရှိပြီး ခံစားရရှိနိုင်ပြီလား ဆရာ့အနေနဲ့ ဘယ်လိုထင်မြင်ပါသလဲ။

 

 

ဖြေ။     ။ ပြည်သူလူထုအနေနဲ့နိုင်ငံတော်က ပြဋ္ဌာန်းတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို နားလည်သိရှိနိုင်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ ဥပဒေတွေကို နိုင်ငံသူ နိုင်ငံသားတွေက သိရှိအောင် လေ့လာဖို့လိုသလို လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း သိရှိဖို့လိုအပ်ပါတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆိုတာလည်း ပြဋ္ဌာန်းထားတာ ရှိပြီးသားပါ။ မျှမျှတတ ရရှိဖို့ဆိုတာ တကယ်တမ်းဆိုရင် လူတိုင်းမှာ အခွင့်အရေးရှိပါတယ်။ ကျွန်တော့်ရဲ့သဘောထား ပြောရရင် ပြည်သူတိုင်းက လူ့အခွင့်အရေး အပြည့်အဝ မရရှိသေးဘူးလို့ပဲ ထင်မြင်ပါတယ်။

 

 

မေး။     ။ ကျား၊ မတန်းတူညီမျှရေးနဲ့ ပတ်သက်ရင်ရော ဘယ်လိုသုံးသပ်ပါသလဲ။

 

 

ဖြေ။     ။ ကျား၊ မတန်းတူညီမျှရေးနဲ့ပတ်သက်လို့ ဥပမာ ပြရမယ်ဆိုရင် ကျွန်တော်တို့ ချင်းလူမျိုးဟာ အမျိုးသမီးတွေ အမွေဆက်ခံခွင့်မရှိဘူး၊ ယောကျ်ားတွေက ဆက်ခံခွင့်ရတယ်။ ခုတော့ ဒါတွေအရင်ကလိုတော့ မဟုတ်တော့ပါဘူး။ အဲဒီတော့ ကျား၊ မ တန်းတူညီမျှတယ်လို့တော့ ပြောလို့မရသေးဘူး။ ကျွန်တော့်ရဲ့ ခံယူချက်က ဒီလိုအရာတွေဟာ အရင်ကရှိခဲ့ပေမယ့် အခုမရှိသင့်တော့ဘူး ထင်ပါတယ်။

 

 

ဒီနေ့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ဝန်ကြီးချုပ်ဖြစ်တာ အများကြီးရှိတယ်။ တိုင်းပြည်ကို ဦးဆောင်တာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း စံပြပုဂ္ဂိုလ်တွေရှိနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ခံယူချက်က မိန်းကလေးဖြစ်လို့၊ ယောကျ်ားလေးဖြစ်လို့ဆိုပြီး မရှိသင့်ဘူး။ တန်းတူညီမျှရေးဆိုတာ အဓိက ကိုယ်နဲ့ပဲဆိုင်ပါတယ်။ ကိုယ်ရဲ့ ခံယူချက်၊ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်တွေက အဓိကဖြစ်ပါတယ်။

 

 

မသန်စွမ်းနဲ့ပတ်သက်တာတွေ၊ ကျား၊ မတန်းတူရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ အများကြီး ကျွန်တော်တို့ တက်နေရတဲ့အချိန်မှာ ကျား၊ မတန်းတူမှုမရှိဘူးလို့ ပြောတဲ့အသံတွေလည်း ကြားနေရပါတယ်။ အဲဒါတွေပပျောက်စေဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့တော့ ကျား၊ မ တန်းတူညီမျှရေးနဲ့ပတ်သက်ရင် တန်းတူ ညီတူရှိစေချင်ပါတယ်။ ခွဲခြားတဲ့ဆန္ဒလည်း မရှိစေချင်သလို ကိုယ်နှိုက်ကလည်းမရှိပါဘူး။ လူလူချင်းမို့ အားလုံး တန်းတူပဲလို့ ခံယူပါတယ်။

 

 

မေး။     ။ မသန်စွမ်းတွေ တန်းတူအခွင့်အရေးရဖို့ အတွက်ရော ဆရာတို့ ကော်မတီအနေနဲ့ ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ပြောပြပေးစေလိုပါတယ်။

 

 

ဖြေ။     ။ ပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့တွေ၊ မသန်စွမ်းအခမ်းအနားတွေ၊ အလုပ်ရုံဆွေးနွေး ပွဲတွေမှာ ကော်မတီကိုယ်စား တက်ရောက်ပါတယ်။ ပညာ သင်ကြားခွင့်ဆိုတာလည်း အရင်ကထက်စာရင် ပညာ သင်ကြားခွင့်တွေ အများကြီးရလာတယ်။ နိုင်ငံတော်အနေနဲ့၊ သက်ဆိုင်ရာဌာနအနေနဲ့လည်း အခွင့်အလမ်းတွေ ဖန်တီးပေးပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။

 

 

သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့ တွေရဲ့ အခွင့်အလမ်းတွေ ဥပဒေဘောင်ရဲ့အတွင်းမှာ အပြည့်အဝ ရရှိစေချင်ပါတယ်။ မသန်စွမ်းအဖွဲ့တွေ နဲ့လည်း ကျွန်တော်တို့ ကော်မတီက မကြာခဏ တွေ့ဆုံတာတွေရှိပါတယ်။ သူတို့တင်ပြချက်တွေလည်း မကြာခဏ နားထောင်ပါတယ်။ အဲဒီလိုတွေ့ရှိချက်တွေကို လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်ဆင့် ကျွန်တော်တို့က အစီရင်ခံစာတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့က ကော်မတီရဲ့လုပ်ပိုင်ခွင့်တာဝန်ထဲက ဆောင်ရွက်တာဖြစ်ပါတယ်။

 

 

ကျွန်တော်တို့နဲ့ တွေ့ဆုံတိုင်းမှာလည်း သူတို့ဘဝမှာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်ဖို့ နိုင်ငံတော်က ဘယ်လိုဖန်တီးပေးနိုင်မလဲဆိုတာပဲ စဉ်းစားပါတယ်။ ကျွန်တော်တို့ကော်မတီအနေနဲ့ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

 


မေး။     ။ ကျားဖောင်လုပ်ငန်းတွေကို သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ တွေ့ရှိရတဲ့ အချက်တွေကိုလည်း သိရှိလိုပါတယ်။

 

 

ဖြေ။     ။ ကျားဖောင်လုပ်ငန်းတွေကို သွားရောက် ကွင်းဆင်းတာက မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေလည်းရှိတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်တာ ဖြစ်ပါတယ်။ ဖျာပုံမြို့နယ်မှာရှိတဲ့ ရွာတော်တော်များများကို သွားရောက်ပါတယ်။ အဓိက ကတော့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

 

 

အလုပ်သမားတွေကတော့ မိုင်ပေါင်း ၃၀ ဝန်းကျင် လောက်ဝေးတဲ့ ပင်လယ်ထဲမှာရှိတဲ့အတွက် မသွားနိုင် ခဲ့ဘူး။ အဲဒီတော့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်က သက်ဆိုင်ရာဌာနတွေနဲ့ တွေ့ဆုံတယ်။ ဌာနတွေရဲ့ တင်ပြချက်တွေကိုလည်း မှတ်ထားပါတယ်။ ကွင်းဆင်း စစ်ဆေးပြီး တင်ပြချက်တွေ၊ တွေ့ရှိချက်တွေကို အစီရင် ခံစာတင်မှာ ဖြစ်ပါတယ်။

 


ပြောချင်တာကတော့ နိုင်ငံသူ နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မနစ်နာမဆုံးရှုံး စေဖို့အတွက် အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ လုပ်ငန်းရှင်တွေလည်း ဥပဒေဘောင်အတွင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေ၊ လိုင်စင်တွေရရှိနိုင်ဖို့၊ နိုင်ငံတော်ကလည်း အခွန်အခတွေ ရရှိဖို့၊ လုပ်ငန်းရှင်၊ အလုပ်သမားတွေပါ ဥပဒေရဲ့အောက်မှာ တန်းတူညီမျှတဲ့ လူ့အခွင့်အရေးရရှိဖို့အတွက် ကျွန်တော်တို့ကော်မတီက အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာတွေ့ရှိချက်တွေကို ကျွန်တော်တို့ကော်မတီအနေနဲ့ လွှတ်တော်မှာ အစီရင်ခံစာတင်ဖို့ ဆောင်ရွက်နေပါတယ်။ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးတဲ့အခါမှာလည်း တွေ့ရှိချက်တွေကို လွှတ်တော်ကို အစီရင်ခံစာတင်ပါတယ်။ အဲဒီကနေတစ်ဆင့် သက်ဆိုင်ရာဌာနတွေကို ပြန်လည်ပေးပို့ ဆောင်ရွက်ပါတယ်။ ပူးပေါင်းဆောင်ရွက်စရာရှိရင်လည်း ကျွန်တော်တို့ ကော်မတီအနေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။

 

မေး။     ။ တိုင်စာတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးစေလိုပါတယ်။

 

 

ဖြေ။     ။ တိုင်ကြားစာနဲ့ပတ်သက်လာရင် ဆုံးရှုံးတယ်၊ နစ်နာတယ်လို့ ခံယူတဲ့ နိုင်ငံသားတွေရဲ့ တိုင်ကြားစာတွေ ဒီနေ့အထိ အစောင် ၁၀၈၀ ရှိပါ တယ်။ အမှန်တကယ် နစ်နာဆုံးရှုံးတာတွေကို စိစစ်ပြီး အစောင် ၆၉၀ ကို ကော်မတီအနေနဲ့ စစ်ဆေးဆောင်ရွက် ပေးခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့်  သက်ဆိုင်ရာဝန်ကြီး ဌာနကို ပေးပို့ပေးပါတယ်။ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရ၊ ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်၊ တွေ့ရှိချက်တွေကို ကျွန်တော်တို့ကော်မတီကို ပြန်လည်ပေးပို့လာပြီဆိုရင် ကာယကံရှင်ဆီကို အချက်အလက်တွေ ပြန်လည်ပေးပို့တာ ရှိပါတယ်။

 

 

မေး။     ။ ကွင်းဆင်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးစေလိုပါတယ်။

 

 

ဖြေ။     ။ ကချင်ပြည်နယ်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ အကျဉ်းထောင်တွေ၊ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ အကျဉ်းထောင်တွေ၊ ကုန်ထုတ်စခန်းတွေမှာ ကော်မတီဝင်တွေက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

 

 

မေး။     ။ အခြားဖြည့်စွက် ပြောကြားလိုတာရှိရင်လည်း ပြောပြပေးစေလိုပါတယ်။

 

 

ဖြေ။     ။ ကျွန်တော်တို့ကော်မတီက လွှတ်တော် သက်တမ်းသုံးနှစ်ကျော် ကာလမှာ လွှတ်တော် ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ အကျဉ်းထောင်တွေမှာ သွားရောက် ကွင်းဆင်းတာတွေ ရှိပါတယ်။ ရမည်းသင်း အကျဉ်းထောင်၊ လွိုင်ကော်အကျဉ်းထောင်၊ သထုံအကျဉ်းထောင်၊ ရင်းငြိမ် ကုန်ထုတ်စခန်း၊ တောင်စွန်းကုန်ထုတ်စခန်း၊ ကလေး အကျဉ်းထောင်နဲ့ ကလေးဝမြို့မရဲအချုပ်၊ ရာဇဂြိုဟ်(၁) နဲ့(၂) စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်း၊ ထုံးဘို(၁)၊ ထုံးဘို(၂)နဲ့ ထုံးဘို(အမျိုးသမီး) ကုန်ထုတ် စခန်းနဲ့ မန္တလေးဗဟို အကျဉ်းထောင်တွေကို ကော်မတီက ကွင်းဆင်းတာတွေ ရှိပါတယ်။

 

 

သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းရှိတဲ့ နေရာတွေကို ကျွန်တော်တို့ ကော်မတီက ကွင်းဆင်းတာ တွေရှိပါတယ်။ ပြီးတော့ ထုံးဘို(၁)၊ ထုံးဘို(၂)၊ ထုံးဘို (အမျိုးသမီး) ကျောက်ထုတ်စခန်းတွေမှာ ကွင်းဆင်းသလို မန္တလေးဗဟိုအကျဉ်းထောင်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာတွေလည်း ရှိပါတယ်။ အဓိကတော့ အကျဉ်းထောင်ရဲ့ လူ့အခွင့်အရေး အခြေအနေကို ညှိနှိုင်းပေးတယ်။

 

 

သူတို့ရဲ့ တင်ပြချက်တွေကို လွှတ်တော်ကတစ်ဆင့် အစီရင်ခံစာတင်ပေးပါတယ်။ ဒါတွေက ကော်မတီ သက်တမ်း သုံးနှစ်ကျော်ကာလမှာ လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်တို့ ကွင်းဆင်း ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။

 

 

တိုင်ကြားစာနဲ့ပတ်သက်လာရင်လည်း လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်နဲ့ မြစ်ကြီးနားမှာ သွားရောက် ကွင်းဆင်းပါတယ်။ အလုပ်သမားနဲ့ ပတ်သက်လာရင်လည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်မှာရှိတဲ့ ကျားဖောင်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့နေရာမှာ ကွင်းဆင်းတယ်။ လေ့လာတွေ့ရှိချက်တွေကို လွှတ်တော်မှာ အစီရင်ခံစာတင်မှာ ဖြစ်ပါတယ်။

 

 

ကျွန်တော်တို့ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ အနေနဲ့ နိုင်ငံသူ နိုင်ငံသားများနစ်နာတယ်ဆိုပြီး တိုင်ကြားတဲ့အပေါ်မှာ လွှတ်တော်ရဲ့တာဝန်ပေးချက် အရ ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲက အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်သူ့ကိုမှ မနစ်နာစေချင်တဲ့ ဆန္ဒအမှန်ရှိပါတယ်။

 

 

သက်ဆိုင်ရာဌာနဆိုင်ရာတွေက လုပ်ဆောင်တဲ့ အခါမှာလည်း မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်ဖို့ အမြဲတမ်း ဆန္ဒပြုပါတယ်။ နိုင်ငံသူ နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မဆုံးရှုံးရလေအောင်၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေက လွတ်မြောက်အောင်၊ ကိုယ်စိတ် ချမ်းသာစွာနဲ့ ဥပဒေဘောင်အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရရှိအောင် ကျွန်တော်တို့ကော်မတီအနေနဲ့ စိတ်ဆန္ဒရှိပါတယ်။ နိုင်ငံသူ နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။