နေပြည်တော်  ၇  အောက်တိုဘာ

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ယနေ့နံနက်ပိုင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်မြင့်ထွေး လက်ခံရယူသည်။

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ တက်ညီလက်ညီဖြင့် လုပ်ငန်းများဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ လှူဒါန်းရခြင်းမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် ဘေးအန္တရာယ်ကို မကြောက်မရွံ့ဖြင့် ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့်သဘောဖြင့် လှူဒါန်းခြင်းလည်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများကို ကော်မတီများ အသီးသီးဖွဲ့စည်းကာ ကျရာကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)ကို ရေးဆွဲဆောင်ရွက်ရာတွင် လည်းကောင်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ လစ်ဟင်းမှု မရှိစေရေးအတွက်လည်းကောင်း၊ နိုင်ငံတကာမှချေးငွေများ ရယူရာတွင်လည်းကောင်း၊ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးခြင်းဖြင့် လည်းကောင်း၊ ဘဏ္ဍာငွေများအား ဘဏ္ဍာနှစ်လွန် အသုံးပြုနိုင်ရန် အတွက်လည်းကောင်း၊ စက်ရုံများမှ လူနာတင်ယာဉ်များ၊ ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ဝတ်စုံများထုတ်လုပ်ခြင်းတွင်လည်းကောင်း ပံ့ပိုးကူညီ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများအား လေးစားဂုဏ်ပြုသည့်အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက မိမိတို့ဦးစီးဌာနမှ ဆရာ၊ ဆရာမများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများတွင် အသုံးပြုရန် robot trolley များလည်း ပြုလုပ်လှူဒါန်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အားထုတ်ကြိုးပမ်း ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ယူလေးစား အားကိုးသည့်အနေဖြင့် မိမိတို့ဦးစီးဌာနမှ ဝန်ထမ်းများက လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လှူဒါန်းမှုများ အပေါ် ကျေးဇူးတင်စကားပြောကြားရာ ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ကျန်းမာရေးဝန်ထမ်းများ အားလုံး၏ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါဖြစ်ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည် ဖြစ်သဖြင့် ယခု ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း နောက်တွင်လည်း ရောဂါကူးစက်မှု လှိုင်းများ ရှိလာနိုင်ပါကြောင်း၊ အဆိုပါရောဂါကူးစက်မှု လှိုင်းများကြီးမားခြင်း မရှိစေရန်အတွက် ပြည်သူများ အနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲတစေဂရုပြု လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ရရှိသောဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အဓိက မဏ္ဍိုင်တစ်ခုဖြစ်သော်လည်း  အခြား သက်ဆိုင်ရာကဏ္ဍလုပ်ငန်းများနှင့် ဆက်စပ်နှီးနွှယ်နေသောကြောင့် သက်ဆိုင်ရာ ကဏ္ဍပေါင်းစုံပါဝင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယနေ့လှူဒါန်းမှု အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ငွေကျပ်သိန်း(၅၀)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က ငွေကျပ် (၇၀၅) သိန်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရုံးချုပ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းမိသားစုများကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက ငွေကျပ်သိန်း (၂၇၀)တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်