ရန်ကုန် ၁ မတ်

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပရေး ကော်မတီက ကြီးမှူးကျင်းပသည့် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC) ရှေ့၌ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ရှေးဦးစွာ ဥပဒေမောင်နှမများက ရာပြည့်သဘင်သီချင်းဖြင့် ဖျော်ဖြေကြသည်။

 

ထို့နောက် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်၊ ဥပဒေပညာဌာန ပါမောက္ခ/ ဌာနမှူး ဒေါက်တာ ဒေါ်ခင်ချစ်ချစ်၊ ပါမောက္ခ(ငြိမ်း) ဦးလှအောင်၊ ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေး၊  ပါမောက္ခ(ငြိမ်း) ဒေါ်သန်းနွဲ့နှင့် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC) ခန်းမ၌ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကံ့ကော်တော မျိုးအောင်နှင့် ဥပဒေမောင်နှစ်မများက ဥပဒေရာပြည့်သဘင်(၂) သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာ တင်အောင်အေးက အမှာစကား ပြောကြားသည်။

 

ယင်းနောက်   ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဟောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ တန်ဖိုးရှိလှသည့် အခမ်းအနား၌ စကားပြောကြားခွင့် ရသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ယနေ့အခမ်းအနားကို ၁၉၇၀ - ၁၉၇၅ ခုနှစ် ကျောင်းသားဟောင်း တစ်ဦးအနေဖြင့် တက်ရောက်ခြင်းဖြစ်ပါကြောင်း၊ ယခု အခမ်းအနားကို ဥပဒေကျောင်းသား ကျောင်းသူများ အနေဖြင့် ညီညီညွတ်ညွတ်၊ သိုက်သိုက်ဝန်းဝန်း၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေသေးသည့် နိုင်ငံဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တရားဥပဒေ စိုးမိုးရေးသည် အဓိကနေရာတွင် ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရန် ဥပဒေ ကျောင်းသား ကျောင်းသူများတွင် တာဝန်ရှိမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ထိုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ဥပဒေ ကျောင်းသား ကျောင်းသူများ အနေဖြင့် တစ်တပ်တစ်အား ပါဝင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်ကလည်း  နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း၊ ယခုကာလကို ပြန်ကြည့်ပါက ဥပဒေ ကျောင်းသား ကျောင်းသူများ၊ ဥပဒေဘွဲ့ရသူများသည် နေရာအတော်များများတွင် တာဝန်ပေးခံရသည်ကို  တွေ့ရမည်ဖြစ်ကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည်ဟု ပြော၍ရပါကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည့်အချိန်၊ လုပ်ပိုင်ခွင့်ရသည့် အချိန်တို့တွင် မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ပဉ္စမနှစ် ဥပဒေစာမေးပွဲတွင် ပထမအဆင့် အောင်မြင်သူ မဆုလဲ့နန္ဒာအား ဂုဏ်ပြုရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဥပဒေကျောင်းသားဟောင်း ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ဥပဒေပညာဌာန အတွက် အလှူငွေကျပ်သိန်း (၃၀)၊ နန်းမြိုင်ကော်ဖီအထုပ်ကြီး ၁၀၀ နှင့် ရွှေဖီဦးအသင့်ဖျော် လက်ဖက်ရည်အထုပ်ကြီး ၁၀ဝ တို့ကို ပေးအပ်လှူဒါန်းရာ ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး  ဒေါ်ခင်ချစ်ချစ်က လက်ခံရယူပြီး ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပါမောက္ခ(ငြိမ်း) ဒေါက်တာဒေါ်သန်းနွဲ့၊ ပါမောက္ခ(ငြိမ်း) ဒေါ်ကြင်ဦးနှင့် ပါမောက္ခ(ငြိမ်း) ဒေါက်တာခင်မာရီတို့က ဥပဒေပညာနှင့် ပတ်သက်သည့် စာတမ်းများကို ဖတ်ကြားကြပြီး ညပိုင်းတွင် သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မိတ်ဆုံစားပွဲကို ကျင်းပသည်။

(သတင်းစဉ်)