၁  ဇန်နဝါရီ

 

ချစ်ခင်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

 

မိမိတို့အားလုံးဟာ ခရစ်နှစ် ၂၀၁၈ ခုနှစ်ကို ကျော်လွန်လို့ ၂၀၁၉ ခုနှစ်ဆိုတဲ့ နှစ်သစ်ကာလတစ်ခုကို ကူးပြောင်း လျှောက်လှမ်းကြရတော့မှာပဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ကို ကျော်ဖြတ်ခဲ့ရာ နှစ်ဟောင်းမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ်များစွာရဲ့ အကြောင်းအကျိုး အကောင်းအဆိုး များစွာတို့ကို ဘဝသင်ခန်းစာများအဖြစ် ပြန်လည်သုံးသပ်ဆင်ခြင်ပြီး အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အခြေအနေများကို ဖန်တီးတည်ဆောက်ကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေးအတွက် နှစ်သစ်မှအစပြု၍ စိတ်သစ် လူသစ် ခွန်အားသစ်များဖြင့် မေတ္တာတရားအခြေခံကာ ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် ပြုမူဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။

 

သို့မှသာ ပြည်သူလူထုကြီးတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိတဲ့ တူညီသောဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းသာယာဖွံ့ ဖြိုးတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်မှာပဲ ဖြစ်ပါတယ်။

 

ပန်းတိုင်သို့ချီတက်ရာ လမ်းခရီးမှာလည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟာ အပြန်အလှန် တည်မီလျက်ရှိတာကြောင့် ငြိမ်းချမ်းခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မိမိတို့ရဲ့ အာဃာတအမုန်းတရားများ အတ္တမာနများကို စွန့်ပယ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းမှာ အစွဲကင်းစွာဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ။ “တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏” ဆိုသလို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

 

မြန်မာနိုင်ငံသားများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံပြီး သာယာချမ်းမြေ့သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို အစဉ်နှလုံးသွင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်။