အချိန်ရာသီပြောင်းကာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ရှိ ဖြတ်သန်းရတော့မှာပဲ ဖြစ်ပါတယ်။ ခရစ်နှစ် တစ်နှစ်မှ တစ်နှစ်သို့ ကူးပြောင်းလာခဲ့ရာ ယခုဖြတ်သန်းရမည့် ၂၀၂၀ ပြည့်နှစ်သည် ထူးခြားကောင်းမွန် ခြင်းများဖြင့် ပြည့်စုံသောအသွင်ကို ဖော်ဆောင်မည့်နှစ်သစ်ဖြစ်ပေရာ ကျွန်တော်တို့အားလုံး ပျော်ရွှင် ကြည်နူးခြင်းများဖြင့် ကြိုဆိုကြရမှာ ဖြစ်ပါတယ်။
ယခုလို နှစ်သစ်ကူးအချိန်ခါမှ အစပြု၍ နိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း အတိတ်ကာလတွင် မိမိတို့ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၏ အားနည်းချက်၊ အားသာချက်များ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှု အမျိုးမျိုးတို့အပေါ် သင်ခန်းစာအဖြစ် မှတ်ယူ၍ အနာဂတ်တွင် အောင်မြင်မှု အခွင့်အလမ်းကောင်းများ ရယူ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ ။
မိမိတို့ကျရာ အခန်းကဏ္ဍမှ ဆောင်ရွက်ရာတွင် မိမိတို့၏ ဆုပ်ကိုင်ထားသော အတ္တမာနများကို စွန့်ပယ်၍ မျှဝေခြင်းများဖြင့် မေတ္တာထား ဆောင်ရွက်ကြပါ။ ဆောင်ရွက်ဖွယ်ရာ ကိစ္စများကို ဆောင်ရွက်ရာမှာ ကိုယ်ကျင့် သီလ ကောင်းမွန်စွာဖြင့် စိတ်စေတနာကောင်းများထားကာ ပြုမူဆောင်ရွက်ပေးကြပါ။ အရေးကြီးလျှင် သွေးစည်းသည့်စိတ်နှင့် တိုင်းရင်းသားအားလုံးရဲ့ ရင်ထဲမှာအတူတူရှိနေသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့်သာ အရာရာကို ရင်ဆိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။
စုပေါင်းလုပ်ဆောင်ခြင်း စုစည်းဆောင်ရွက်ခြင်းသည်သာ အောင်မြင်ခြင်းရဲ့ အဓိက အကြောင်းအရင်းပဲဖြစ်လို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းသာယာဝပြော၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်သွားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
နိုင်ငံသူ နိုင်ငံသားများအားလုံး ၂၀၂၀ ပြည့်နှစ်မှသည် ကျန်းမာပျော်ရွှင်စွာဖြင့် သာယာချမ်းမြေ့သော လှပသည့် အနာဂတ်ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို အစဉ်နှလုံးသွင်းဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်။