နေပြည်တော် ၁၁ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်အားပေးကြည့်ရှုသည်။
ဗိုလ်လုပွဲတွင် ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ပြိုင်ပွဲအပြီးဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်း အားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်း အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဝင် ဒေါက်တာကျော်ငွေနှင့် ဒေါ်နော်ဆာမူထူး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးမြင့်လွင်နှင့် ဒေါက်တာခင်ဆောင်၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမင်းကိုခိုင်တို့ကဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆုရရှိသည့် ချင်းပြည်နယ်အသင်းအား မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ အားကစားသမားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယနေ့ နံနက်ပိုင်းတွင် တတိယနေရာလုပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ချင်းပြည်နယ်အသင်းက လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယခုပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ယနေ့အထိကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၁၅ သင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘောလုံးအားကစား ပရိတ်သတ်များ တက်ရောက်ကြည့်ရှုကြသည်။
သတင်းစဉ်