နေပြည်တော် ၁၇ ဇူလိုင်

အမျိုးသားမြေအသုံးချမှုကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြေသယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ကြီးကြပ်လမ်းညွှန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် မြေအသုံးချမှုဆိုင်ရာ အချက်အလက်များကို စုစည်းထားရန် လိုအပ်ကြောင်း၊  တစ်နိုင်ငံလုံးအတွက် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခုတည်ထောင်ရန် ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့်  ပေါင်းစပ်ညှိနှိုင်းပေးရန်လိုအပ်ကြောင်း။

ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ သတ်မှတ်လုပ်ငန်းတာဝန် ၁၂ ရပ်သည်အမျိုးသားမြေအသုံးချမှု မူဝါဒပါ မြေနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ စီမံခန့်ခွဲခြင်းလုပ်ငန်းများနှင့် အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းတာဝန်များကိုထိရောက်စွာ အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံအမျိုး သားမြေပုံစနစ် တည်ထောင်ခြင်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့်ဌာနများ၊ ဆက်စပ် ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးနိုင်ရန်နှင့် လမ်းညွှန်မှုပေးရန်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ဆိုင်ရာ မူဝါဒပေါ်ထွန်းလာစေရေး ကြီးကြပ်ဆောင်ရွက်ရန်တို့ ဖော်ပြပါဝင်ပါကြောင်း။

လုပ်ငန်းကော်မတီအနေနှင့် မြေသယံဇာတများကိုစနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ရန်နှင့် နိုင်ငံအဆင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ထောင်ရန်အတွက် အဖွဲ့ဝင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးရန် အရေးကြီးကြောင်း၊ သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးညှိနှိုင်းကြပါရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ (ဌာနမှူး)၊ OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်