နေပြည်တော် ဒီဇင်ဘာ ၃
အမျိုးသားမြေအသုံးချမှုကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ ပထမအကြိမ် အစည်းအဝေးကို ယနေ့၊ မွန်းလွဲ ၁ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး က OneMap Myanmar စီမံကိန်းကို ဆောင်ရွက်လာခဲ့ရာ ၆ နှစ်ကျော် ကြာခဲ့ပြီဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် စံပြုထားသည့် မြေပုံစနစ် တစ်ခု ပေါ်ပေါက်ရန်၊ မြေသယံဇာတအရင်းအမြစ်၊ မြေစီမံခန့်ခွဲမှု၊ မြေပြင်ဆိုင်ရာကိန်း ဂဏန်းအချက်အလက်များ တိကျမှန်ကန်စေရန်၊ မြေပုံစနစ်များ တစ်ပြေးညီ ဖြစ်စေရန် ဖြစ်ပါကြောင်း၊ ၂၀၁၅ နှစ်ဦးပိုင်းတွင် Swiss Agency for Development and Cooperation-SDC က ရန်ပုံငွေကြေးအကူအညီနှင့် Center for Development and Environment-CDE, University of Bern က နည်းပညာပိုင်းပံ့ပိုးကူညီပေးခဲ့ပြီး OneMap Myanmar အကောင်အထည်ဖော်ရေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက Focal ဌာနအဖြစ် ဆောင်ရွက်ခဲ့ကြောင်း။
ယခုအစည်းအဝေးတွင် လုပ်ငန်းကော်မတီဝင်များအနေဖြင့် မိမိတို့ဌာနများ၏ OneMap Myanmar စီမံကိန်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ဆက်စပ် ဌာနများမှ OneMap Myanmar စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်ပြီး တင်ပြချက်များ အပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာပေးခြင်းဖြင့် OneMap Myanmar လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန်သောအကြံဉာဏ်များ၊ ရလဒ်ကောင်းများထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင် အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)၊ ညွှန်ကြားရေးမှူးများ၊ ဘူမိရူပဗေဒအရာရှိချုပ်၊ ဘူမိဗေဒအရာရှိတို့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)