၅ အောက်တိုဘာ
အမျိုးသားမြေအသုံးချမှု မူဝါဒအပေါ်အခြေခံပြီး အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် မြေအရင်းအမြစ်များ စီမံခန့်ခွဲနိုင်ရေးတို့ကို ဦးတည်လျက်ရေတိုရေရှည်မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းòန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှု မူဝါဒနှင့် သက်ဆိုင်သည့်ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။
ကိစ္စရပ်တိုင်း၌ အကန့်အသတ်နှင့် စိန်ခေါ်မှုများရှိမြဲဖြစ်ရာ မြေအသုံးချမှုစီမံခန့်ခွဲရာ၌ မြေယာအငြင်းပွားမှုများ ရင်ဆိုင်တွေ့ ကြုံရခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် လူမှုဖွံ့ ဖြိုးရေးတာဝန်ယူမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအားနည်းပြီး ဒေသခံပြည်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း၊ မြေအသုံးချမှုစီမံကိန်းများ ရေးဆွဲခြင်းအပါအဝင် မြေအသုံးချမှုအခွင့်အရေးများ ပြဋ္ဌာန်းရာ၌ အများပြည်သူတို့ ပါဝင်အတည်ပြုရန်လိုအပ်ခြင်း၊ မြေသယံဇာတအချက်အလက်များနှင့်မြေပုံများ တိကျမှန်ကန်မှု မရှိခြင်း၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရန်ခက်ခဲခြင်းနှင့် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းကဲ့သို့သော အကန့်အသတ်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရလျက်ရှိပါသည်။
မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး ပြည်သှူအကျိုးပြုနိုင်မည့် မူဝါဒ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စီမံခန့်ခွဲမှုပုံစံများ ဖြစ်ပေါ်လာစေရေးကို ဦးတည်လျက်အဆိုပါဥပဒေများအား လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရမည်ဖြစ်ပါသည်။ အမျိုးသားမြေအသုံးချမှုကောင်စီသည် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအပါအဝင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်၍ ဤသို့သော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့်နည်းလမ်းတို့ကို ရှာဖွေဖော်ထုတ်ရမည် ဖြစ်ပါသည်။
လုပ်ကွက်ငယ် တောင်သူများနှင့် မြေယာမဲ့ပြည်သူတို့၏ မြေအသုံးချမှုနှင့် လုပ်ကိုင်ခွင့်ခိုင်မာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် ရည်ရွယ်လျက်စိုက်ပျိုးရေးမူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ ဖြိုးမှုမဟာဗျူဟာတို့တွင် ပင်မလုပ်ငန်းစဉ် (၁၄) ချက်ကို ချမှတ်ပြီး ဖြစ်ပါသည်။ အမျိုးသားမြေအသုံးချမှုကောင်စီသည် ဤပင်မလုပ်ငန်းစဉ် (၁၄) ခုအား ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီတစ်ခုဖွဲ့စည်းရေးကို ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ လုပ်ငန်းစဉ်ကမြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက်များအဖြစ် အချက်(၁၂)ချက်ကို အတည်ပြုပြီးဖြစ်ပါသည်။ (၂၁)ရာစုပင်လုံညီလာခံက ထွက်ပေါ်လာသည့် မူဝါဒသဘောတူညီချက်များအပေါ် အခြေခံလျက် နိုင်ငံတော်အစိုးရက ဒေသခံဌာနေတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲရေးစနစ်များအပါအဝင် လုပ်ပိုင်ခွင့်များကို အမျိုးသားမြေဥပဒေရေးဆွဲရာတွင် အသိအမှတ်ပြု ထည့်သွင်းကာကွယ်ပေးရန် ဆောင်ရွက်လျက်ရှိပါသည်။ အထက်ဖော်ပြပါ မူဝါဒ၊လုပ်ငန်းစဉ်တို့အား ထိထိရောက်ရောက် အကောင်အထည်ဖော်ဖြစ်မြောက်စေမည့် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ မြန်မာ့အလင်း