နေပြည်တော် ၁ နိုဝင်ဘာ
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် ညီညွတ်သော မြေယာစီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေ(မူကြမ်း)ကို ကနဦး ရေးဆွဲနိုင်ရေး၊ တည်ဆဲမြေစီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးအတွက် သက်ဆိုင်သည့် တည်ဆဲဥပဒေများကို လေ့လာခြင်း၊ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်သည့် အချက်များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းကော်မတီမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်များကို ဘက်ပေါင်းစုံမှ သုံးသပ်ပြီး ဥပဒေ (မူကြမ်း)ရေးဆွဲနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အထောက်အကူပြုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက အမျိုးသားမြေဥပဒေ (မူကြမ်း)၏ မာတိကာအကြမ်းကို တင်ပြရာ တက်ရောက်လာသူကြများက အကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်


