နေပြည်တော် ၂ အောက်တိုဘာ
အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမျိုးသားမြေအသုံးချမှု မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား မြေအသုံးချမှု ကောင်စီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းအမျိုးသား မြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းကော်မတီကို အထောက်အကူ ပြုနိုင်ရေးအတွက် အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်အစည်းအဝေးကို ခေါ်ယူကျင်းပခြင်းဖြစ်ပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် ညီညွှတ်သည့် အမျိုးသားမြေဥပဒေ (မူကြမ်း) ပေါ်ပေါက်လာစေရန်နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေရေးအတွက် တည်ဆဲဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန်တို့သည် လုပ်ငန်းကော်မတီ၏ အဓိကတာဝန်များ ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော မြေအသုံးချမှု စီမံခန့်ခွဲရေး၊ မြေလုပ်ပိုင်ခွင့်များ ခိုင်မာစေရေး၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကာကွယ်ပေးရေး၊ မြေအငြင်းပွားမှုဖြေရှင်းရေးနှင့် တာဝန်ယူမှု၊တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ထွန်းစေရေးတို့ကို လွှမ်းခြုံသည့်ပြဌာန်းချက်များကို အမျိုးသားမြေဥပဒေ (မူကြမ်း)တွင် ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေမူကြမ်း ရေးဆွဲရာတွင် အများပြည်သူ ပူးပေါင်းပါဝင်ဆွေးနွေး နိုင်ရေးအတွက် အကျိုးသက်ဆိုင်သူများ ပါဝင်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ကိုလည်း ဥပဒေမူကြမ်းရေးဆွဲ နိုင်ရေးအတွက် လိုအပ်သော လမ်းညွှန်မှုများ ချမှတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများကိုလည်း ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်သူအားလုံး၏ အကြံဉာဏ်များကိုရယူ၍ အမျိုးသား မြေအသုံးချမှုမူဝါဒနှင့်ကိုက်ညီသည့် ဥပဒေမူကြမ်း ပေါ်ပေါက်လာရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဥပဒေမူကြမ်းရေးဆွဲရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်နိုင်ရန် အဆိုပြုလုပ်ငန်းစဉ်(မူကြမ်း)အပေါ် ပူးပေါင်းပါဝင် ဆွေးနွေးအကြံပြု ပေးကြစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


