နေပြည်တော် ၂၉ ဇန်နဝါရီ

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Royal Naypyitaw ဟိုတယ်၌ ကျင်းပသည်။ 

အခမ်းအနားသို့ လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များတွင် “အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ အမျိုးသားမြေ ဥပဒေရေးဆွဲရန် ဆောင်ရွက်ခြင်း” ပါဝင်ပါကြောင်း၊ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉၊ ၂၀ ရက်များတွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါကြောင်း၊ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးချက်များအရ လုပ်ငန်းစီမံချက်ရေးဆွဲရေးအတွက် ခေါင်းစဉ် ၂၅ ခုအပေါ် ခေါင်းစဉ်တစ်ခုချင်းအလိုက် တာဝန်ရှိမှုများ၊ ဆောင်ရွက်ရန်များကို ဆွေးနွေးခဲ့ပါကြောင်း၊ ယခုကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသည် ယခင်အလုပ်ရုံဆွေးနွေးပွဲက မပြီးပြတ်ခဲ့သော လုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲနိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒအရ အမျိုးသားမြေဥပဒေရေးဆွဲရာ၌ အများပြည်သူ ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အမျိုးသားမြေဥပဒေရေးဆွဲရာတွင် အကျိုးသက်ဆိုင်သူများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ရန် လိုအပ်ကြောင်း၊ ယခု Work plan ရေးဆွဲရာတွင်လည်း မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးမှုရလဒ်များသည် အမျိုးသားမြေဥပဒေ ရေးဆွဲနိုင်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လုပ်ငန်းကော်မတီဝင်များနှင့် အထောက်အကူပြုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ နည်းပညာအကြံပေးအဖွဲ့ဝင်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်