နေပြည်တော် ၁၆ ဒီဇင်ဘာ
အမျိုးသားမြို့ပြမူဝါဒချမှတ်ရေးညီလာခံကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပသည်။
ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ ရန်ကုန်နှင့် မန္တလေးတို့မှ မြို့တော်ဝန်များ၊ ဒုတိယမြို့တော်ဝန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့် UN-Habitat နှင့် မိတ်ဖက်အဖွဲ့အစည်းများတာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ညီလာခံတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ယခုအခါ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျေးလက်မှမြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနှင့် မြို့ပြကြီးထွားလာမှု၊ လူဦးရေ တိုးတက်များပြားလာမှုများကြောင့် ရေ၊ လျှပ်စစ်မီး၊ လမ်း၊ ရေမြောင်း၊ အမှိုက်သိမ်း စနစ် စသည့် အခြေခံအဆောက်အအုံ မလုံလောက်မှုများ၊ အထူးသဖြင့် ပျံကျနေထိုင်မှု များ၊ နည်းစနစ်မကျသည့် မြို့ပြချဲ့ထွင်မှုများအပြင် သဘာဝဘေး အန္တရာယ်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း။
မြို့ပြစီမံအုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူတို့၏ နေထိုင်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် အစီအမံများသည် ပြောင်းလဲမြန်ဆန်နေသည့် အခြေအနေ များအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပဲ နိုင်ငံတကာကဲ့သို့ လိုအပ်ချက်များစွာ ရှိနေပါ ကြောင်း၊ မြန်မာနိုင်ငံတွင် စနစ်ကျသည့်မြို့ပြများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေ ရန် မြို့ပြဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် မြို့ပြများ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်များ၊ မြို့အချင်းချင်းတို့ ကွန်ရက်ချိတ်ဆက်မှု အားကောင်းလာစေရန် လျော်ကန်သည့် မြို့ပြမူဝါဒများ ချမှတ်ရန် လည်း အထူးလိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ၏ မြို့ပြသုတေသန စစ်တမ်းအရ မြို့ပြနေထိုင်သူ လူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၄ သန်း (၃၀ ရာခိုင်နှုန်း)ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၂၀ ခန့် အထိ တိုးတက်ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ မက်ကင်ဆေးသုတေသန အဖွဲ့၏ လေ့လာသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ(၂)သိန်း အထက်ရှိသည့် မြို့ကြီးများတွင် နေထိုင်သူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာနိုင်သည်ဟု တွက်ချက်ထားပါကြောင်း၊ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် (၂၀)အတွင်း အမေရိ ကန်ဒေါ်လာ (၁၄၆)ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်အတွက် (၁)နှစ်ကို အမေရိကန် ဒေါ်လာ(၇)ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားရမည် ဖြစ်ပါကြောင်း။
ပထမအဆင့်အဖြစ် ခေတ်မီစီမံကိန်း ရေးဆွဲရေးစနစ် တစ်ရပ်နှင့်အတူ မြို့ပြတိုးချဲ့ မှုအတွက် ကြိုတင်စီမံလျာထားရန် လိုအပ်ကြောင်း၊ ဒုတိယအဆင့်အဖြစ် အခြေခံ အဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ တတိယအဆင့်အဖြစ် ထိုမြို့ပြ ကြီးများ၏ အုပ်ချုပ်ရေးကောင်းမွန်အောင် စဉ်းစားရန် လိုအပ်ကြောင်းကို အကြံပြုထားပါ ကြောင်း။
မြန်မာနိုင်ငံရှိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီး (၃)မြို့တွင် Smart City အကောင်အထည်ဖော်မှု လုပ်ငန်းများကို မိမိတို့မြို့များ၏ လိုအပ်ချက်များအပေါ်အခြေခံပြီး စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် စီမံကိန်းများအဖြစ် Korea-Myanmar Industrial Complex Project, New Mandalay Resort City နှင့် Smart District Project စသည့် စီမံကိန်းများကို Smart Development အဖြစ် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MSDP) နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့ပြမှုဝါဒ ဦးစားပေးနယ်ပယ် များ ချမှတ်ထားပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးစနစ်နှင့် ဘဏ္ဍာရေး၊ မြို့ပြဥပဒေပြဋ္ဌာန်း ရေး၊ မြေစီမံခန့်ခွဲမှု၊ အိမ်ရာ၊ မြို့ပြဖြစ်ထွန်းမှု၊ ပတ်ဝန်းကျင်နှင့်ရာသီဥတုပြောင်းလဲခြင်း၊ ဘက်ညီမျှတသည့် နယ်မြေဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အအုံနှင့် ပြည်သူ့ဝန်ဆောင်မှုများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ ပါဝင်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားမြို့ပြမူဝါဒကို ခိုင်မာစွာရေးဆွဲ အကောင်အထည် ဖော်သွားနိုင်ရန် အားလုံးဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang Hwa နှင့် UN- Habitat ၏ Regional Director Mr. Atsushi Koresawa တို့က ကြိုဆိုနှုတ်ခွန်းစကား ပြောကြားကြပြီး “The Future of Asian & Pacific Cities” Video ကို ပြသသည်။
ယင်းနောက် UN-Habitat Myanmar ၏ Country Program Manager Mr. Bijiay Karmacharya က အမျိုးသားမြို့ပြမူဝါဒလုပ်ငန်းစဉ် အကျဉ်းချုပ်ကို ရှင်းလင်း တင်ပြပြီး “The New Urban Agenda” Video ကို ပြသသည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ် နှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စား လှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ညီလာခံကို ဆက်လက်ကျင်းပရာ အမျိုးသားမြို့ပြမူဝါဒ ဦးစားပေး ဧရိယာ (၄)ခုအား ဆွေးနွေးခြင်း၊ Smart City နည်းဗျူဟာများနှင့် ထည့်သွင်းဆောင်ရွက် သွားရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ အမျိုးသားမြို့ပြမူဝါဒ(မူကြမ်း)အား ဆွေးနွေးခြင်း၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကလောမြို့၏ City Profile ရေးဆွဲခြင်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အမျိုးသားမြို့ပြမူဝါဒချမှတ်ရေးညီလာခံ”ကို နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား လိုအပ်ချက်များနှင့် ပြည်သူလူထု၏ လူမှုစီးပွားတိုးတက် ကောင်းမွန်လာစေရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများနှင့် ကမ္ဘာမြေဟူသော မဏ္ဍိုင်(၃)ရပ်ဖြင့် ချမှတ်ထားသည့် Myanmar Sustainable Development Plan (MSDP) နှင့် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ဖြစ်သည့် Sustainable Development Goals တို့ကို ရုပ်လုံးဖော်ဆောင်နိုင်မည့် အမျိုးသားမြို့ပြမူဝါဒများကို အများပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ချမှတ်သွားနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)