နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုဆောင်းပါး
ဒေါက်တာလေးငုံ
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၂၀၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်) နေ့သည် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါသည်။ အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အတည်ပြုလိုက်သည့်အတွက် ဖြစ်ပေါ် လာခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နှင့်အတူ အမျိုးသား အောင်ပွဲနေ့သည် စတင်ပေါက်ဖွားခဲ့သည်။
အမျိုးသားနေ့
မြန်မာတို့သည် နယ်ချဲ့အင်္ဂလိပ်လက်အောက်၌ နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ဘဝဖြင့် နေခဲ့ကြရသည်။ မြန်မာတိုင်းရင်းသားတို့သည် သူ့ကျွန်ဘဝမှ လွတ်မြောက် ရန် စည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့ကို တွန်းလှန် တိုက်ခိုက်၍ လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် အမျိုးသားရေးစိတ်ဓာတ် အခြေခံကို မွေးဖွားနိုင်သည့်နေ့မှာ “အမျိုးသားနေ့” ပင် ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာတို့၏ လွတ်လပ်ရေးတံခါးပေါက်ကို ဖွင့်ပေးလိုက်သောနေ့ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။
ကိုလိုနီနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် ဘုရင်ခံက ထုတ်ပြန်ကြေညာခဲ့သော ယူနီဗာစီတီအက်ဥပဒေကို ကောလိပ်ကျောင်းသားများက မကျေနပ်၍ ဆူပူ ကန့်ကွက်သပိတ်မှောက်ခဲ့သည်။ ထိုနေ့သည် “အမျိုးသားနေ့” ဖြစ်လာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကိုတော်လှန်၍ အမျိုးသား ကျောင်းများ ဖွင့်လှစ်ခဲ့သည်။ ထိုအမျိုးသားကျောင်းများမှ ကျောင်းဆရာများ၊ ကျောင်းသားများသည် နောင်သော အခါ မြန်မာပြည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၏ ဦးစီးခေါင်းဆောင်များ ဖြစ်လာကြသည်။
ကိုလိုနီခေတ် မြန်မာပြည်တွင် သင်ကြားရသော စနစ်မှာ ကျွန်သက်ရှည်စေမည့်စနစ် ဖြစ်သည်။ ထိုပညာရေးစနစ်သည် အမှန်ပင် ကျွန်ပညာရေးစနစ် ဖြစ်ကြောင်းကို ဗြိတိသျှပါလီမန်မှ မြန်မာပြည်သို့ လာရောက်လည်ပတ်သော ဗိုလ်မှူးကြီးဝက်ဂျဝုဒ် (Wedg wood) ၏မိန့်ခွန်းတွင် “မြန်မာနိုင်ငံတွင် European Code English Schools ခေါ် အင်္ဂလိပ်ကလေးများ သင်ကြားရသောစနစ်သည် သခင်စနစ်ဖြစ်စေသောစနစ် ဖြစ်ကြောင်း၊ Anglo-Vernacular Schools ခေါ် မြန်မာ ကလေးများ သင်ကြားရသောစနစ်သည် ကျွန်စနစ် ဖြစ်စေသော စနစ်ဖြစ်ကြောင်း” ဟု အတိအလင်း ဝန်ခံ ထားပေသည်။
၁၉၂၀ ပြည့်နှစ်အထိ မြန်မာပြည်တွင် သီးသန့် တက္ကသိုလ်ဟူ၍ မရှိသေးပါ။ ယုဒသန် (ဂျပ်ဆင်) ကောလိပ်နှင့် ရန်ကုန်ကောလိပ် နှစ်ခုသာရှိပြီး ကာလ ကတ္တားတက္ကသိုလ်၏ လက်အောက်ခံများ ဖြစ်သည်။ ယင်းကျောင်းနှစ်ကျောင်းတွင် မြန်မာကျောင်းသားများ သင်ကြားရသည့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ကာလကတ္တားတက္ကသိုလ်မှ ပြဋ္ဌာန်းပေးသည်။ ကောလိပ် စာမေးပွဲကိုလည်း ကာလကတ္တားတက္ကသိုလ်မှပင် စစ်ဆေးပြီး အဆုံးအဖြတ်ပေးသည်။ ၁၉၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံလူထု၏ တောင်းဆိုချက်အရ အထက်ပါ ကောလိပ်ကျောင်း နှစ်ကျောင်းကို တက္ကသိုလ်အဆင့်သို့ မြှင့်တင်ပေးရန် လိုအပ်လာသဖြင့် ဗြိတိသျှအစိုးရက ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို ထိုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့၌ အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကန့်သတ်ခဲ့သည့် ဥပဒေ
တက္ကသိုလ်အက်ဥပဒေသစ်မှာ မြန်မာလူမျိုးများ တက္ကသိုလ်ပညာ မသင်ကြားနိုင်အောင် ဟန့်တားပိတ်ဆို့ သည့်ဥပဒေ ဖြစ်သည်။ မြန်မာလူမျိုး ဆင်းရဲသားများ၏ သားသမီးများ ပညာသင်ကြားရေးကို များစွာဖိနှိပ်တားဆီး သော ဥပဒေဖြစ်သည်။ ထိုဥပဒေအရ တက္ကသိုလ် ကျောင်းသားတစ်ဦး၏ ပညာသင်စရိတ်သည် တစ်နှစ်လျှင် ငွေကျပ် ၆၀၀ ခန့်ဖြစ်ပြီး ပျမ်းမျှ လစဉ်ငွေကျပ် ၅၀ ခန့် အကုန်အကျခံရပေမည်။ ထိုစဉ်က အလုပ်သမားတစ်ဦး၏ တစ်လပျမ်းမျှဝင်ငွေမှာ ငွေကျပ် ၂၀ ခန့်သာ ရရှိရာ ဆင်းရဲသားသားသမီးများအဖို့ တက္ကသိုလ်ကို မည်သို့မျှ တက်ရောက်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် အဆိုပါ ဥပဒေ သည် မြန်မာလူမျိုးများ တန်းတူပညာသင်ကြားနိုင်ရေးကို ကန့်သတ်ခဲ့သည့် ဥပဒေဖြစ်ခဲ့သည်။
ကောလိပ်ကျောင်း နှစ်ကျောင်း
ထိုဥပဒေကို ကန့်ကွက်ဆန္ဒပြရန်အတွက် ကောလိပ် ကျောင်းသားကြီးများဖြစ်ကြသော ဦးဘဦး (ဘီအေ အထက်တန်း)၊ ဦးဘရှင်(ဘီအက်စီအထက်တန်း)၊ ဦးညီပိတ် (ဘီအက်စီ အထက်တန်း)၊ ဦးအေး (ဘီအေအထက်တန်း)၊ ဦးလှတင် (ဘီအေအထက်တန်း)၊ ဦးဖေသိန်း (အိုင်အေ အထက်တန်း)၊ ဦးထွန်းဝင်း (အိုင်အေအထက်တန်း)၊ ဦးဘရင် (အိုင်အေအထက်တန်း)၊ ဦးဘခင် (အိုင်အေအထက်တန်း)၊ ဦးအောင်ဒင် (အိုင်အေအထက်တန်း)၊ ဦးဘရှင် (အိုင်အေ အထက်တန်း) ၁၁ ဦးတို့သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွှေတိဂုံဘုရား စနေထောင့် ဗောဓိပင်ရှေ့၌ စုစည်း ဆွေးနွေးခဲ့ကြသည်။ (ယခု ထိုနေရာကို မော်ကွန်းကမ္ပည်း ထိုးထားသည်) ထိုအစည်းအဝေးမှ ကောလိပ်ကျောင်းသား များ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကောလိပ်ကျောင်း နှစ်ကျောင်းမှ ကျောင်းသား ကျောင်းသူများကို ခေါ်ယူလျက် ဗဟန်းဦးအရိယကျောင်း တွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ ထိုအစည်း အဝေးသို့ ကောလိပ်ကျောင်းသား ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ပြီးနောက် ကောလိပ်ကျောင်းသားများ သပိတ်မှောက်ရန် တစ်ခဲနက်ဆုံးဖြတ်ကြလေသည်။
ထို့နောက် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)တွင် ကောလိပ် ကျောင်း နှစ်ကျောင်းမှ ကောလိပ်ကျောင်းသားများ သပိတ်မှောက်ကြောင်း ကြေညာလေသည်။ ထိုသတင်းကို ကြားသဖြင့် ရန်ကုန်ရှိ အထက်တန်းကျောင်းသား ကျောင်းသူများကလည်း ကောလိပ်ကျောင်းသားကြီး များအား ထောက်ခံရန် သပိတ်မှောက်လေသည်။ ထိုသတင်းသည် မြန်မာတစ်ပြည်လုံး ပျံ့နှံ့သွားရာ အနယ်နယ်အရပ်ရပ်ရှိ အထက်တန်းကျောင်းသားများ ကလည်း သပိတ်မှောက်ကြောင်း ကြေညာလေသည်။
ကောလိပ်ကျောင်းသားကြီး ၁၁ ဦး
ထိုအခါ “ယူနီဗာစီတီ သပိတ်မှောက်ကောင်စီ” ကို ကောလိပ်ကျောင်းသားကြီး ၁၁ ဦးအပြင် နောက်ထပ် ၁၅ ဦး ဖြည့်စွက်လျက် စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်း လိုက်သည်။ ကောလိပ်ကျောင်းသားများ ဆူပူသပိတ် မှောက်သောကြောင့် အင်္ဂလိပ်အာဏာပိုင်များက တက္ကသိုလ်ဖွင့်ရက်ကို ဒီဇင်ဘာလ ၇ ရက်နေ့သို့ ပြောင်းရွှေ့ လိုက်လေသည်။ ကောလိပ်အာဏာပိုင်များသည် ကောလိပ် ကျောင်းသားများ ပြင်းပြင်းထန်ထန် ကန့်ကွက် နေသည့် ကြားမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျောင်းမတက် သော ကျောင်းသားများကို ကျောင်းမှထုတ်ပစ်မည်ဟု ကြေညာလေသည်။ ထိုကြေညာချက်ကို ကြားရသော ကောလိပ်ကျောင်းသားများသည် မိမိတို့ အမည်စာရင်းကို ကျောင်းသားစာရင်းမှ အပြီးတိုင် ဖယ်ထုတ်နိုင်သည်ဟု အာဏာပိုင်များအား အကြောင်းကြား တုံ့ပြန်လိုက်သည်။ အင်္ဂလိပ်အစိုးရက ကောလိပ်ကျောင်းသားများ၏ တောင်းဆိုချက်ကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျော သည်ဖြစ်စေ ကျောင်းပြန်မတက်တော့ကြောင်း ဆုံးဖြတ် လိုက်လေသည်။ N စာမျက်နှာ ၈ မှ
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းရပ် ဦးအရိယကျောင်း (ရွှေကျင် ကျောင်းတိုက်)၌ အမျိုးသားအထက်တန်းကျောင်းကို ဖွင့်လှစ်၍ နယ်ချဲ့၏ ကျွန်ပညာရေးစနစ်ကို တော်လှန် သော အမျိုးသားကျောင်းများ စတင်ခဲ့သည်။ မြန်မာ တစ်ပြည်လုံး၌လည်း အထက်တန်းကျောင်း ၄၀ ကျော် တို့မှ အထက်တန်းကျောင်းသားများသည် သပိတ်မှောက် ၍ ကျောင်းပြန်မတက်နိုင်တော့သဖြင့် ၎င်းကျောင်းသား များအတွက် အမျိုးသားကျောင်းများကို ထူထောင် ကြလေသည်။
အဖွဲ့ဝင် ၅၀ ပါဝင်
အမျိုးသားကျောင်းများ ထူထောင်ရန်နှင့် အားပေး ကူညီကြရန် မြန်မာ့အသင်းချုပ်ကြီး (ဂျီစီဘီအေ)ကလည်း ဦးဆောင်လှုံ့ဆော်ခဲ့လေသည်။ ထို့ပြင် အမျိုးသား ကျောင်း ကြီးများကို ကြီးကြပ်အုပ်ချုပ်ရန်အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ၎င်းအဖွဲ့ကို “အမျိုးသားပညာရေးအဖွဲ့ချုပ် (Council of National Education)” ဟု ခေါ်ဆို၍ နောင်အခါတွင် စီအင်န်အီးဟု ထင်ရှားလေသည်။ ယင်းအဖွဲ့၏ဥက္ကဋ္ဌမှာ အမ်အေဦးမောင်ကြီးဖြစ်၍ အတွင်း ရေးမှူးမှာ ဦးမောင်မောင်အုန်းခိုင် ဖြစ်သည်။ အဖွဲ့တွင် အဖွဲ့ဝင် ၅၀ ပါဝင်ဖွဲ့စည်းထားသည်။
အမျိုးသားကောလိပ်ကိုမူ ၁၉၂၁ ခုနှစ် သြဂုတ် လတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စေတနာ့ဝန်ထမ်းကောလိပ် ပါမောက္ခများမှာ -
(၁) ဆရာကြီးဦးလွန်း(သခင်ကိုယ်တော်မှိုင်း) မြန်မာစာ နှင့် သမိုင်း
(၂) ဒီးဒုတ်ဦးဘချို၊ ကထိက၊ ပါဠိ
(၃) ဆရာတော် ဦးဉာဏ၊ ပါဠိ
(၄) မစ္စတာရောင်း(မဟာဝိဇ္ဇာ၊ ဝါရှင်တန်) စီးပွားရေး နှင့် နိုင်ငံရေး
(၅) မစ္စတာ ချင်ဒမ်ဘရာ (ဘာမင်ဂန်) စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး
(၆) မစ္စတာဘနာဂျီ (မဟာဝိဇ္ဇာ၊ လန်ဒန်) ဘောဂဗေဒ တို့ ဖြစ်သည်။
၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျီစီဘီအေအသင်းချုပ်၏ နဝမအကြိမ်မြောက် အစည်း အဝေးကြီးကို မန္တလေးမြို့၌ ကျင်းပသည်။ ထိုအစည်း အဝေး၌ မြန်မာအမျိုးသားများအတွက် နေ့ထူးနေ့မြတ် တစ်ရပ် သတ်မှတ်သင့်ကြောင်း အစည်းအဝေးမှ အဆို တင်သွင်းခဲ့သည်။ ထိုစဉ်က အစည်းအဝေး ကိုယ်စား လှယ်တစ်ဦးဖြစ်သော ကျောင်းသားခေါင်းဆောင် ဦးမြင့်က ကောလိပ်ကျောင်းသားများ သပိတ်မှောက် ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း တင်ပြခဲ့ သည်။ ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပသော ဂျီစီဘီအေအစည်းအဝေးကြီးမှ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ် လိုက်ကြသည်။
ထို့ကြောင့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးတံခါးပေါက်ဆီ သို့ ပို့ဆောင်ပေးလိုက်သည့် “အမျိုးသားအောင်ပွဲနေ့” ဖြစ်လာခဲ့သည်။ အမျိုးသားအောင်ပွဲနေ့နှင့် ဆက်စပ်ကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် လည်း ဝတ်စုံများပေါ်ပေါက်လာခဲ့သည်။ အမျိုးသားအတွက် ပင်နီတိုက်ပုံအင်္ကျီ၊ ရှပ်အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းရောင်၊ အမျိုးသမီးများအတွက် ပဝါအဖြူ၊ အင်္ကျီ လက်ရှည်အဖြူနှင့် ထဘီအစိမ်းရောင်တို့ ဖြစ်သည်။
ယင်းကောလိပ်ကျောင်းသားသပိတ်နှင့် တစ်ဆက် တည်း အမျိုးသားစိတ်ဓာတ်များ နိုးကြားတက်ကြွလာမှုတွင် ဝံသာနုလုပ်ငန်းများလည်း ပါဝင်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့ သမားများ၏နိုင်ငံမှထုတ်လုပ်သော ကုန်ပစ္စည်းများ အပါအဝင် နိုင်ငံခြားဖြစ်ပစ္စည်းများကို မသုံးစွဲရန်၊ မြန်မာနိုင်ငံပြည်တွင်းဖြစ် ကုန်ပစ္စည်းများကိုသာ အားပေး သုံးစွဲရန် လှုံ့ဆော်စည်းရုံးခဲ့ကြသည်။
အထက်အညာ ယောနယ်မှ အဝတ်အထည်များကို ဝယ်ယူသုံးစွဲခဲ့ကြသဖြင့် ပင်နီချောနှင့် ယောလုံချည်၊ ယောထဘီတို့မှာ တစ်ခေတ်ဆန်းလာခဲ့ရသည်။ အညာဖျင် ပင်နီချောမှာ ရောင်းမလောက်အောင် တွင်ကျယ်လာသဖြင့် ရက်လုပ်ပြီး ပင်ဖြူထည်များကို အုန်းခေါက်အမြန်ဆိုး၍ ရောင်းချခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်ဟု ဆိုကြသည်။
မြန်မာလူမျိုးတို့၏ ဝံသာနုစိတ်ဓာတ်ပြင်းပြမှုကြောင့် ပင်နီချောနှင့် ယောလုံချည်၊ ယောထဘီတို့မှာ မြန်မာတို့ အိမ်ဦးခန်းတွင် မရှိမဖြစ်သော ဖလားစုံ ကွမ်းအစ်ကြီးကဲ့သို့ ဖြစ်ခဲ့ပြီး ပဒုမ္မာရှန်သားကို ဝတ်ဆင်ကြသူများမှာ အတော်ပင် ကသိကအောက် ဖြစ်ခဲ့ကြရသည်ဟု အဆိုရှိခဲ့သည်။ ပဒုမ္မာရှန်သားအင်္ကျီ ဝတ်ဆင်သူ အမျိုးသမီးများနောက်မှ ဘုန်းကြီးအချို့လိုက်၍ ချိတ်တပ်ထားသောတုတ်ဖြင့် ချိတ်ဆွဲခဲ့ကြသဖြင့် ပြဲခဲ့ကြရသည်များ ဖြစ်ခဲ့သည်ဟု “ဇာတိမာန်စာတမ်းများ”တွင် ဖတ်ရှုရသည်။
အမျိုးသားပညာရေးစနစ်
“အမျိုးသားအောင်ပွဲနေ့”၏ ထူးခြားချက်တစ်ရပ်မှာ ပညာရေးနှင့်ချိတ်ဆက်ထားခြင်းဖြစ်သည်။ တက္ကသိုလ် ကျောင်းသားကြီးများ သပိတ်မှောက်ပြီးနောက် အမျိုးသား ကျောင်းများ ပေါ်ပေါက်လာခဲ့ရသလို အမျိုးသားကျောင်းများ နှင့်အတူ မိမိနိုင်ငံကို မိမိကိုယ်တိုင် ဖန်တီးနိုင်သည့် အမျိုးသားပညာရေးစနစ် တည်ဆောက်ရေး လှုပ်ရှားမှုများ လည်း ပေါ်ပေါက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ရောက်တိုင်း အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ် ၍ ပျော်ပွဲရွှင်ပွဲများကို တစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် တစ်ကမ္ဘာလုံး ကျရောက် လျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စည်စည် ကားကား ကျင်းပနိုင်ခြင်း မရှိပါ။ သို့ရာတွင်လည်း မြန်မာ တစ်မျိုးသားလုံး၏ရင်ထဲတွင် “ရာပြည့်အမျိုးသားနေ့ အောင်ပွဲ” ကို အောင်စည်အောင်မောင်းသံများဖြင့် ခြိမ့်ခြိမ့် သဲသဲ အောင်ပွဲခံနေပါလိမ့်မည်။ “အောင်အတိတ် အောင်နိမိတ်များဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ပန်းတိုင်ဆီသို့ ပျော်ရွှင်စွာ လျှောက်လှမ်းဖို့ အားထုတ်ကြိုးပမ်းကြပါစို့” ဟု ဆန္ဒပြုလိုက်ရပါသည်။ ။
မှီငြမ်းကိုးကား
၁။ စာနယ်ဇင်းသမိုင်း စာတမ်းများ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၇၈
၂။ မောင်သစ်လွင်(လူထု) ရှေးဦးမြန်မာသတင်းစာများ ၁၉၇၃
၃။ ဒေါ်အကြိုင်(ကထိက)၊ သမိုင်းဌာန၊ ရန်ကုန် တက္ကသိုလ် ၁၉၂ဝ ပြည့်နှစ်မတိုင်မီ သတင်းစာ၊ မဂ္ဂဇင်းများမှ နိုင်ငံရေးလှုံ့ဆော်မှု မဟေသီမဂ္ဂဇင်း ၁၉၉၁၊ စက်တင်ဘာ
၄။ ထီလာစစ်သူ၊ ချစ်ကြည်ရေးကြည်ညွန့် ဇာတိမာန် စာပေစာတမ်းများ ဒုတိယတွဲ ၁၉၉၂
၅။ ရဲဘော်စိုးလွင် အမျိုးသားရေးကြိုးပမ်းကြပါ ၂၀၀၁
ကြေးမုံ