mdn

သတင်းဆောင်းပါး-  ဇွဲသန်းသျှင်း(သုံးဆယ်)

မြန်မာလူမျိုးတို့ ညီညီညွတ်ညွတ်မရှိခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့သမားတို့၏ တိုက်ခိုက် သိမ်းပိုက်ခြင်းကိုခံရပြီး သူ့ကျွန်ဘဝသို့ ရောက်ကာ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။ လွတ်လပ်ရေးအတွက် အမျိုးသားညီညွတ်ရေးသည် အကြီးမားဆုံးနှင့် အဓိကအကျဆုံးဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာလူမျိုးတို့သည် ခိုင်မာတောင့်တင်းသည့် သွေးစည်းညီညွတ်မှုရှိကြမည်ဆိုလျှင် မြန်မာ့လွတ်လပ်ရေးသည် ဧကန်မုချရရမည်ဟု အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းက အခိုင်အမာယုံကြည်ထားပါသည်။

အမျိုးသားညီညွတ်ရေးဆိုသည်မှာ 

အမျိုးသားညီညွတ်ရေးဆိုသည်မှာ လူမျိုး ဘာသာ၊ ယောကျာ်းမိန်းမ၊ ဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား၊ လူထုတစ်ခုလုံး အပြောသာမဟုတ် အလုပ်နှင့်တကွ အမျိုးသား တို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသား တို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောက်ကိုယ်ပါ ညီညွတ်ကြသည်ကို ဆို သည်ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီးတွင် မိန့်ခွန်းပြောကြားရာ၌ အမျိုးသားညီညွတ်ရေးနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြခဲ့ပါသည်။ အဆိုပါ ဖဆပလပြည်လုံးကျွတ် ညီလာခံ ကြီးတွင် ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းက ညီညွတ်ရေးအဆိုကိုလည်း အကျယ်တဝင့် ရှင်းလင်းတင်သွင်းခဲ့ပါသေးသည်။ ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း၏ ရည်ရွယ် ချက်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း ထောက်ပြခဲ့ပါသည်- 

“လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တစ်တိုင်း ပြည်လုံးသွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မို့ပါပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေးမရဘူးဆိုရင် တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးဟာကျကျနန မဖြစ် နိုင်ဘူး။ မဖြစ်နိုင်ရင် ညီညွတ်ရေးပျက်စီး ရာပျက်စီးကြောင်း လုပ်တဲ့သူတွေ ကျွန်တော်တို့ကိုယ်တိုင်က ညီညွတ်ရေး ကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် ခုနက တိုင်းပြည် အတွက်၊ လူမျိုးအတွက် အင်မတန် အသက်စွန့်ပြီး လုပ်ကိုင်ဆောင်ရွက် သွားကြတဲ့လူတွေကို သစ္စာဖောက်ရာ၊ မလေးစားရာ ကျမှာမို့လို့ ဒီညီညွတ်ရေး အဆိုကို ကျွန်တော်တင်သွင်းခြင်း ဖြစ်ပါတယ်။”

ထင်ရှားသည့်မိန့်ခွန်း 

ညီညွတ်ရေးဆိုရာ၌ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသောရည်ရွယ်ချက် ရှိရမယ်။ ညီညွတ်ရေးဆိုတာ တစ်တိုင်းပြည်လုံး၊ လူမျိုးတစ်စုလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလိုတူညီတဲ့ရည်ရွယ်ချက်၊ တူညီတဲ့ အကျိုး၊ တူညီတဲ့အလုပ် ဒါတွေကိုရအောင် အဲဒီလိုတူညီတဲ့အကျိုး တိုင်းသူပြည်သားတွေ ရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။ အလုပ်မှာလည်းတူရမယ်။ အကျိုးမှာ လည်းတူရမယ်။ ရည်ရွယ်ချက်မှာလည်းတူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။ စသည်ဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးတွင် မိန့်ကြားခဲ့ပါသည်။ 

ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံတွင် အမျိုသားညီညွတ်ရေးသည် မရှိမဖြစ် အရေးကြီး ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး၊ အဆိုပါ ညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး မြန်မာ နိုင်ငံသည် လွတ်လပ်ပင် လွတ်လပ်သော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရတက်တက် -ာသည် တိုင်းပြည်ဖြစ်မှာပဲလို့ မြို့တော်ခန်းမကြီးတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် မိန့်ကြားခဲ့သော မိန့်ကြားချက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသား ညီညွတ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသည့်မိန့်ခွန်း တစ်ရပ်ဖြစ်ပါသည်။

လွတ်လပ်ရေးရရှိခဲ့ 

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံနေထိုင်ကြရာ ၎င်းတို့သည် လူမျိုးစုခြင်း၊ ဘာသာစကားခြင်း၊ ယဉ်ကျေးမှုခြင်း၊ ဓလေ့ထုံးစံ ခြင်း၊ ကိုးကွယ်မှုယုံကြည်မှုခြင်း၊ ဓလေ့ထုံးစံများကို အခြားလူမျိုးများက လေးစားခြင်း၊ အသိ အမှတ်ပြုခြင်းရှိရမည်။ သို့မှသာ ညီညွတ်မှုရနိုင်မည်ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းယုံကြည်ပါသည်။ ယင်းသို့ ယုံကြည် သည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းက သူကြိုးစား ဆောင်ရွက်ခဲ့ကြောင်း၊ နောင်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သှူဆန္ဒနှင့် အနာဂတ်မျှော်မှန်းချက်များကို (၁၉-၂-၁၉၄၅ )ရက်စွဲဖြင့် ကရင်အမျိုးသား ညီလာခံကွန်ဖရင့်သို့ ပေးပို့သည့် သဝဏ်လွှာ တွင် ဗိုလ်ချုပ်အောင်ဆန်း ဖော်ပြထား ပါသည်။ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ညီညီညွတ်ညွတ် ရှိခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးစုများ ညီညီညွတ်ညွတ်ရှိခဲ့သည်ကို ပင်လုံစာချုပ်က သက်သေ ထူနိုင်ခဲ့ပါသည်။

စစ်မှန်သော ညီညွတ်ရေး 

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် အမျိုးသားညီညွတ်ရေးသည် ယိမ်းယိုင်လာခဲ့ ပါသည်။ ထို့ကြောင့် ခေတ်အဆက်ဆက်နိုင်ငံ့ ခေါင်းဆောင်များသည် ယိမ်းယိုင်နေသည့် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ပြည်သူလူထုက လည်း အမျိုးသားညီညွတ်ရေးကို တည်ဆောက် ကာ ငြိမ်းချမ်းရေးကို ရရှိခံစားချင်ကြပါသည်။ သို့ရာတွင် နှစ်ပေါင်း ၇၀ ကျော်ကြာလာခဲ့သည့်တိုင် အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြည်သူတို့ မရရှိနိုင်ကြသေးပေ။ 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးကိုအရယူရန် အမျိုးသား ညီညွတ်ရေးသည် အရေးကြီးကြောင်း အခါအားလျော်စွာ တိုက်တွန်းသတိပေး ပြောကြားသကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာအား အခါအခွင့်သင့်တိုင်း တိုက်တွန်းသတိပေး ပြောကြားလေ့ရှိပါသည်။

ညီညွတ်ရေးမရလျှင် ငြိမ်းချမ်းရေးလည်းမရနိုင် 

အမျိုးသားညီညွတ်ရေးကို မတည်ဆောက်ဘဲ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပေ။ ထို့ကြောင့် အဖွဲ့အစည်းအချင်းချင်း၊ အင်အားစု ချင်း ညီညွတ်ရေးတည်ဆောက်နိုင်ရန် အဖွဲ့အစည်းများ၊ အင်အားစုများ အတွင်း၌လည်း ညီညွတ်ရေး တည်ဆောက်ရန် လိုအပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်လက်ခံထား ပါသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးစု၏ မျှော်လင့်ချက်၊ ခံစားချက်၊ ယုံကြည်ချက်တို့ကို အခြားလူမျိုးစုများက လေးစားပါမှ စစ်မှန်သော ညီညွတ်ရေးကို ဖော်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေးလည်း ရနိုင်မည်ဟု ၎င်းက ခံယူထားပါသည်။ ထိုအကြောင်းများကို ၂၀၁၃ ခုနှစ် မတ်လက အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်- 

“ ညီညွတ်မှု အကြောင်းပြောပြီဆိုရင် တော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဖြစ်တဲ့ နိုင်ငံအတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ညီညွတ်မှုဟာ ပထမဆုံးလိုအပ်ချက်ဖြစ်ပါတယ်။ ညီညွတ် တဲ့ ပြည်ထောင်စုကြီးဖြစ်ဖို့ဆိုတာ ကျွန်မ တို့ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ တွေရဲ့ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက် တွေ၊ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို ကျွန်မတို့နားလည်ရမယ်၊ လေးစားရမယ်၊ အဲဒီလိုအပြန်အလှန်နားလည်မှု၊ အပြန် အလှန်လေးစားမှုမရှိရင်တော့ စစ်မှန်တဲ့ ညီညွတ်ရေးဆိုတာရနိုင်မှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ညီညွတ်ရေးမရလို့တော့ ကျွန်မ တို့ရဲ့ ရေရှည်ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ လည်း ကျွန်မတို့ရနိုင်မှာ မဟုတ်ပါဘူး။”

လူအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ အင်အားစုအချင်းချင်းသည် မတူသည့် ယုံကြည်မှု၊ မတူသည့် အယူအဆသဘောထားများ ရှိကြပါသည်။ သို့ရာတွင် အပြန်အလှန်လေးစားခြင်းဖြင့်လည်းကောင်း၊ နားလည်မှုတည်ဆောက်ခြင်းဖြင့်လည်းကောင်း ယုံကြည်မှု၊ ညီညွတ်မှုကိုရနိုင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပါသည်။ မတူကွဲပြားသည့် အမြင်များရှိသည်ကိုလည်း ကြောက်ရွံ့ စိုးရိမ်မနေကြဖို့ ဒေါ်အောင်ဆန်း စုကြည်က အောက်ပါအတိုင်း ထောက်ပြမိန့်ဆိုခဲ့ပါသည်- 

“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်။ ပြည်ထောင်စုတစ်ခု ဖြစ်တဲ့ အလျောက် ညီညွတ်ရေးဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ မတူကွဲပြားတဲ့ အစုအဖွဲ့တွေကြား ညီညွတ်ရေးဆိုတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတိအင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံကို ညီညီ ညွတ်ညွတ်နဲ့ တည်ဆောက်ထားတဲ့ အစုအဖွဲ့တစ်ခုဖြစ်ဖို့ဆိုရင် ကျွန်မတို့ အချင်းချင်းနားလည်မှု တည်ဆောက်မှု တွေလို ပါတယ်။ မတူကွဲပြားတဲ့ အမြင်တွေရှိတာကို မကြောက်ဖို့၊ မစိုးရိမ်ဖို့ ဒါတွေကို ကျွန်မတို့က ကြိုဆိုပြီးတော့ ဒီမတူကွဲပြားတဲ့အမြင်တွေ ဘယ်လို ကျွန်မတို့ရဲ့ အင်အားတစ်ခုဖြစ်အောင် လုပ်သွားမလဲလို့ ကျွန်မတို့က ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအတွက် ဘုံတူညီချက်များကိုဖော်ထုတ် 

ညီညွတ်ရေးကိုတည်ဆောက်နိုင်ဖို့ နားလည်မှုနှင့် ယုံကြည်မှုများကို ဦးစွာတည်ဆောက်ကြ ရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးကို လျှောက်လှမ်းကြရာတွင် ပိုမိုစုစည်း၊ ပိုမိုညီညွတ် စေမည့် ဘုံတူညီချက်များကို ဖော်ထုတ်ကြရမည် ဖြစ်ကြောင်း စသည်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည့် NCA လက်မှတ် ရေးထိုးခြင်းအခမ်းအနား၌ အောက်ပါအတိုင်း တိုက်တွန်းပြောကြားသွားခဲ့ပါသည်- 

“ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့နိုင်ငံသားတွေ ညီညွတ်ဖို့လိုတယ်။ ညီညွတ်တဲ့ ပြည် ထောင်စုတွေကသာ ဖက်ဒရယ်ကို ခိုင်ခိုင် မာမာ ရေရှည်ကျင့်သုံးထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ ညီညွတ်ရေးကို တည်ဆောက် နိုင်ဖို့အတွက် နားလည်မှုနဲ့ ယုံကြည်မှု တွေကို ဦးစွာတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးကို ဦးတည်လျှောက်လှမ်းကြရာမှာ ကျွန်မတို့ အချင်းချင်းအကြား သွေးကွဲ၊ သဘောထား ကွဲလွဲစေမယ့်ကိစ္စရပ်တွေကို လျော့ကျ သွားစေဖို့ ကျွန်မတို့အားလုံးကို ပိုမိုစုစည်း၊ ပိုမိုညီညွတ်စေမည့် ဘုံတူညီချက်တွေကို ဖော်ထုတ်ကြရမှာဖြစ်ပါတယ်။”

 အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံရေးအင်အား စုများအားလုံး ညီညွတ်လိုသော စိတ်ဓာတ်ဖြင့် နိုင်ငံ၏ ဒီမိုကရေစီအခြေခံခိုင်မာရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ရေး စသည့် ပြည်သူတို့မျှော်မှန်းရာ ပန်းတိုင်သို့ အရောက်သွား နိုင်မည်ဖြစ်ကြောင်း တင်ပြရင်း (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အား ကြိုဆိုလိုက်ရပါသည်။