နေပြည်တော် ၁၇ အောက်တိုဘာ

အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ ကနဦးနယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြဝတီမြို့ရှိ နယ်စပ်စစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်မည့် ဌာနများ၏ လုပ်ငန်းဆိုင်ရာများ အသင့်ဖြစ်မှု၊ ဆက်သွယ်ရေး Cable လိုင်းများတပ်ဆင်ထားရှိမှု၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား ဖွင့်ပွဲအခမ်းအနားအပြီး နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးစတင် ဆောင်ရွက်ရန်ရှိမှု၊ နှစ်နိုင်ငံအကြား ခွင့်ပြုထားသည့် လမ်းကြောင်း တစ်လျှောက်တွင် လမ်းအမှတ်အသားများ တပ်ဆင်ပြီးစီးမှု၊ သက်ဆိုင်ရာဌာနအသီးသီး၏ Website များတွင် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ လွှင့်တင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ 

အစည်းအဝေးသို့ အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ (NTFC) အဖွဲ့ဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်