နေပြည်တော် ၁၇ ဇူလိုင်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့ ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သည့်အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး မကျင်းပမီကာလအတွင်း၌ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများဖြင့် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊ NCA အကောင်အထည်ဖော်မှုအတွက် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းမှုများရှိသကဲ့သို့ တစ်ချိန်တည်းမှာပင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးမှုများရှိပါကြောင်း။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်သည့် နေရာဒေသများရှိ ဒေသနေတိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေး၏ အကျိုးရလဒ်များရရှိခံစားစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုအပါအဝင် NRPC ငြိမ်းချမ်းရေးရန်ပုံငွေဖြင့် IDP များ ပြန်လည်နေရာချထားရေး ကိစ္စရပ်များ၊ အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

တစ်ချိန်တည်းမှာပင် KNPP အပါအဝင် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA အောက်တွင် ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်း၍ ဒေသအကျိုးစီးပွားများကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရန် အားလုံးရည်မှန်းထားသည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်နိုင်ရေးအတွက် အစိုးရအနေဖြင့် လမ်းဖွင့်ထားသကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအစကပင် ပါဝင်ခဲ့သည့် အဖွဲ့ဖြစ်သည့်အတွက် NCA စာချုပ်ဖြစ်တည်မှုတွင် အဓိကနေရာကပါဝင်ခဲ့သည်ဟု ဆိုနိုင်ပါကြောင်း။

UNFC ၏ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ဖြစ်သည့် DPN တွင် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်ကအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီးအစိုးရနှင့် NCA ရေးထိုးနိုင်ရေးအတွက် UNFC အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းရာတွင်လည်း အားလုံးနီးပါး သဘောတူညီနိုင်သည့် အခြေအနေကောင်းများရခဲ့ပါကြောင်း၊  သို့သော်လည်း UNFC မှ မွန်အမျိုးသားပါတီ ( NMSP) နှင့်  လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LDU) အဖွဲ့တို့သည်  NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး KNPP သည်  NCA လမ်းကြောင်းမှာမပါဝင်သေးဘဲ အစိုးရနှင့်   ဆက်လက်ညှိနှိုင်းနေဆဲ အခြေအနေဖြစ်ပါကြောင်း။


KNPP အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် DPN ကာလအပါအဝင် တွေ့ဆုံမှုပေါင်း (၂၄)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တွေ့ဆုံမှုတိုင်းတွင်လည်း ရလဒ်ကောင်းများနှင့် အပြန်အလှန်နားလည်ယုံကြည်မှုများ တိုးတက်ရရှိခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်KNPP အနေဖြင့် အစိုးရနှင့် ယခုထက် ပိုမိုနီးကပ်သည့် ဆက်ဆံရေးဖြင့် ရှေ့တစ်လှမ်းတိုး၍ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြည့်အဝပါဝင်ရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် NCA ရေးထိုးရေးကိစ္စ၊ ဒေသတွင်းဖွံ့ဖြိုးရေးနှင့် စီးပွားရေးကိစ္စများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်ရာတွင် မည်သို့ဆက်လက်ဆောင်ရွက်ကြမည် စသည်တို့ကို အလေးပေးဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် KNPP အနေဖြင့် NCA တွင်ပါဝင်လာပြီဆိုပါက  ဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ယခင်ကထက် ပိုမို၍နီးနီးကပ်ကပ် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။


ယနေ့ဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပြီး အခက်အခဲများရှိပါက လည်းဝိုင်းဝန်းအဖြေရှာပေးကြရေးနှင့် အစိုးရဘက်မှဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူဦးရယ်က "ကျွန်တော်တို့ နှစ်ဖက်တွေ့ဆုံမှုဟာ နှစ်ပေါင်း (၇၀)ကျော်ဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာဖို့အတွက် ဆုံစည်းကြခြင်းဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်း (၇၀)ကျော် ဖြစ်နေခဲ့တဲ့ ကျွန်တော်တို့ကြားထဲက မကြေလည်မှုတွေဟာ တကယ်တမ်းအရင်းစစ်ကြည့်လိုက်ရင်တော့ အခြေခံအားဖြင့် နိုင်ငံရေးအခြေခံပြဿနာလို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့အချင်းချင်းအကြားမှာ ဖြစ်နေတဲ့ပြဿနာကို  ကျွန်တော်တို့ ညီရင်းအစ်ကို စိတ်ဓာတ်နဲ့ ဖြေရှင်းကြမယ်ဆိုရင် ဘာကြောင့် မကြေလည်နိုင်ကြသလဲ၊  ဘာကြောင့်အပေးအယူမတည့်နိုင်ကြသလဲ၊ မသင့်မြတ်နိုင်ကြ သလဲဆိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့မေးပြီး ကျွန်တော်တို့ ဘာသာဖြေရမယ့်ကိစ္စဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ပြဿနာကို ပြဿနာလို့မြင်ပြီး ရှိရင်းပြသနာတွေကို အဖြေရှာတဲ့ နည်းလမ်းကို ဇောင်းပေးပြီး  အဖြေရှာကြဖို့ စဉ်းစားစေချင်ပါတယ်။

"ကျွန်တော်တို့ကြားမှာ ညှိနှိုင်းဆွေးနွေးလာတာ လူပုဂ္ဂိုလ်အရရော၊ လုပ်ငန်းသဘောအရပါ ကျွန်တော်တို့ တစ်ဦးရဲ့သဘောကို တစ်ဦးက နားလည်သဘောပေါက်လောက်ပြီလို့ မြင်ပါတယ်။ ဒီအပေါ်မှာ စိတ်သဘောထားကြီးစွာနဲ့ ပြေပြေလည်လည် အတူတကွသွားနိုင်မယ့် လမ်းကြောင်းကိုရှာကြမယ်လို့ သဘောထားရှိကြတယ်ဆိုရင် ပြဿနာကို ရှင်းရတာမခက်ဘူးလို့မြင်ပါတယ်။

ဒါကြောင့် ဆုံစည်းတဲ့ဆွေးနွေးပွဲဟာ ကျွန်တော်တို့ အတူတူသွားနိုင်တဲ့ လမ်းကြောင်းတစ်ခုကိုပဲ ချဉ်းကပ်မှုအနေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမယ်ဆိုရင် အဖြေကောင်းတစ်ခုရမယ်လို့ ထင်ပါတယ်။

"ခါတိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးပြီးတိုင်း ယေဘုယျအားဖြင့် သဘောတူသည်  Principally Agreed ဆိုတဲ့သဘောတူညီမှုမျိုးနဲ့ ရပ်တန့်မနေဖို့လိုပါတယ်၊ ယေဘူယျ အားဖြင့် သဘောတူတယ်ဆိုတဲ့စာလုံးကို သုံးခြင်းအားဖြင့် အဆုံးမှာ ဘယ်လိုမျိုး ကောက်ချက်ဆွဲလို့ရသလဲဆိုရင်   ယေဘူယျဆန်ဆန် သဘောတူတဲ့ဟာတွေဟာ သဘောမတူသလိုဘဲ ဖြစ်သွားတယ်လို့ ကျွန်တော့်စိတ်ထဲမှာ ခံစားရပါတယ်။ ဒါကြောင့် ယေဘူယျသဘောတူတယ်ဆိုတဲ့ အဆင့်ကိုကျော်လွန်ပြီးတော့ ခိုင်မာတိကျတဲ့ အကောင်အထည်ဖော်မှုမျိုးကို ကတိပြုပြီး ကျွန်တော်တို့ တကယ်တမ်းဆောင်ရွက်ရမယ့် လုပ်ငန်းအတွက် အဖြေရှာမှုမျိုးကို တကယ်သွားသင့်တယ်လို့ မြင်ပါတယ်။ ဒီကနေ့ ဆုံစည်းမှုဟာ ဒီလမ်းကိုပဲရွေးချယ်ပြီး ဆက်လျှောက်ဖို့ တွေ့ဆုံခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနိဂုံးချုပ်ပါတယ်" ဟု ပြောကြားသည်။ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူဦးရယ်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏  ငြိမ်းချမ်းရေး ဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ NCA လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များနှင့် အချိန်ဇယားသတ်မှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ နှစ်ဖက်သဘောထားစုစည်းချက်များ ရယူခြင်းကို ဆောင်ရွက်ကြသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ခူဦးရယ်က ယနေ့တွေ့ဆုံပွဲတွင် ကိစ္စရပ်အသီးသီးကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ပါကြောင်း၊ ပြဿနာများကို မည်သို့အဖြေရှာကြမည်ဆိုသည်နှင့် ပတ်သက်၍ အမြင်သဘောထားများကို ဆွေးနွေးစုစည်း ညှိနှိုင်းကြပါကြောင်း၊  ပြဿနာအရပ်ရပ်ကို နည်းလမ်းပေါင်းစုံဖြင့် တစ်ဖက်နှင့်တစ်ဘက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ယုံကြည်မှုရှိရှိဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာလျင် အဖြေရှာ ရမည်ဟုမြင်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတစ်ခုပြီးတိုင်း အရွေ့တစ်ခု ရွေ့နေသည်ဟု သုံးသပ်ပါကြောင်း၊ အချိန်လိုအပ်သည်ကို နှစ်ဘက်စလုံးက နားလည်ထားသည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် အရွေ့ကို မြန်မြန်ဆန်ဆန်ရွေ့ချင်သော်လည်း အချိန်အရ တဖြည်းဖြည်းရွေ့နေရဦး မည်ဖြစ်ပါကြောင်း၊ နောက်ပြန်မသွားရေးသည် အရေးကြီးပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးမှုသည် အရွေ့တစ်ခုဟုပြောလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့် ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်တွင် KNPP နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီ ၁၁ ရက်တွင် KNU ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်တွင် KHCC နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် RCSS နှင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် UWSA နှင့်လည်းကောင်း၊ မြောက်ပိုင်း ၄ ဖွဲ့နှင့်လည်းကောင်း တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်လာနိုင်ရေး၊ NCA လက်မှတ်ရေးထိုးနိုင်ရေး၊ NCA အရ  အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း။

ယနေ့ တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရပ်များ၊  NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် KNPP အနေဖြင့် ၂၀၁၂ မတ် မှစတင်၍ ၇ နှစ်လုံးလုံး အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ဒေသခံ ပြည်သူများကိုယ်စား အစိုးရအနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးခရီး အခက်အခဲအချို့ရှိသော်လည်း အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုများ ရှိသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးပါက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများဖြင့် ပိုမိုနီးကပ်စွာ NCA ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အချိန်ဇယားများအတိုင်း ကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့  အမျိုးသားပြန်လည်ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး မြင့်ဝေနှင့် ဦးမော်မော်၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးပေါ်လွင်စိန်၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဘုန်းနိုင်၊ မော်ဒေးဒေးဖော၊ ခူညေးရယ်၊ အယ်မွီး၊ ခူတော်ရယ်(အက်စ်)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

သတင်းစဉ်