အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ၁၂  နိုဝင်ဘာ 

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များကို ဝန်ထမ်းများ ပိုမိုသိရှိနားလည်ပြီး အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်၍ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on Capacity Building) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပသည်။

 

အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ယခုကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အဓိက အရေးကြီးသော ခေါင်းစဉ်များကို ထည့်သွင်းထားပါကြောင်း၊ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးဆိုင်ရာများကို ပိုမိုသိရှိစေရန် ဖြစ်ပါကြောင်း၊ ထို့အတူ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးသာမက အခြားနိုင်ငံများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြခွင့် ရကြသည့်အတွက် နှိုင်းယှဉ် လေ့လာစရာများ ရရှိလာမည်ဖြစ်ပါကြောင်း၊ NRPC ဝန်ထမ်းများအတွက် နောက်ထပ် အလုပ်ရုံဆွေးနွေးပွဲများလည်း ကျင်းပရန် စီစဉ်ထားပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ၌် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးပါပုံကို နားလည်သဘောပေါက်နိုင်ရန် ခေါင်းစဉ်တစ်ခုကိုလည်း ထည့်သွင်းထားပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲမှတစ်ဆင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့အတူ ယခုအလုပ်ရုံဆွေးနွေးပွဲမှ တစ်ဆင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပိုမို တောင့်တင်း ခိုင်မာလာမည်ဟု ယုံကြည့်ပါကြောင်း။

အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ အနေဖြင့် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးလိုအပ်သည့် နိုင်ငံရေး သဘောတူညီချက်များ ရရှိရန်ဆွေးနွေးညှိနှိုင်း အဖြေရှာရသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ခြင်းသည် ရေရှည်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် NRPC အနေဖြင့် EU ကဲ့သို့သော မိတ်ဆွေနိုင်ငံများ၏ ငွေကြေးနှင့် နည်းပညာဆိုင်ရာ အကူအညီနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်လိုအပ်နေမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ရှုပ်ထွေးမှုကို နားလည်ပြီး မိမိတို့အား ဆက်လက်ကူညီပေးနေသောနိုင်ငံအချို့၏ နားလည်မှု၊ ယုံကြည်မှုနှင့်ပံ့ပိုးမှုများကို မိမိတို့ ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများနှင့် အလုပ်ရုံ ဆွေးနွေးပွဲ အထမြောက်အောင် ကူညီပံ့ပိုးသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ ငြိမ်းချမ်းရေး ဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော NRPC ဝန်ထမ်း များကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr Kristian Schmidt က အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဥရောပသမဂ္ဂသံအမတ်ကြီး တို့ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးက အမှတ်တရလက်ဆောင် ပေးအပ်သည်။

 

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အကျဉ်းချုပ် ခေါင်းစဉ်ဖြင့် ဒေါက်တာအောင်ထွန်းသက်၊ ဦးဇော်ဌေး နှင့် ဦးမိုးဇော်ဦးတို့က လည်းကောင်း၊ ဖက်ဒရယ်စနစ်ခေါင်းစဉ်ဖြင့် ဒေါက်တာငွန်ကျုံးလျန် က လည်းကောင်း၊ ငြိမ်းချမ်းရေးအထောက်အကူပြု ခေါင်းစဉ်ဖြင့် ဦးလှမောင်ရွှေ နှင့် ဦးအောင်နိုင်ဦးတို့ကလည်းကောင်း၊ နိုင်ငံတကာပဋိပက္ခဖြစ်စဉ်များ ခေါင်းစဉ်ဖြင့် ဒေါက်တာမင်းဇော်ဦး ကလည်းကောင်း ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်သူများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆက်သွယ် ဆက်ဆံရေး ခေါင်းစဉ်ဖြင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း နှင့် UEHRD မှ ဦးကျော်မြိုင် တို့က လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဒေါက်တာစန်းစန်းအေး နှင့် ဒေါ်နန်ရော် က လည်းကောင်း၊ နိုင်ငံခြားဆက်ဆံရေး နှင့် သံတမန်ဆိုင်ရာများ ခေါင်းစဉ်ဖြင့် အကြံပေးပုဂ္ဂိုလ် ဦးမောင်ဝေ နှင့် ဒေါ်ကေသီစိုးတို့က လည်းကောင်း၊ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာခေါင်းစဉ်ဖြင့် ဒေါ်စုမွန်ငြိမ်း နှင့် Kam Sian Thang တို့က လည်းကောင်း၊ အစည်းအဝေး မှတ်တမ်းဆိုင်ရာ သိသင့်သည့်အချက် ခေါင်းစဉ်ဖြင့် ဒေါ်မိုးသူဇာ နှင့် ဒေါ်ခိုင်မြတ်ချစ် တို့က လည်းကောင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)