နေပြည်တော်၊  ၂၈  ဇန်နဝါရီ

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၄ သိန်း ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ အလှူငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလှူငွေများကို ပေးအပ်လှူဒါန်းရာ  အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

(သတင်းစဉ်)