နေပြည်တော်  ၄  ဒီဇင်ဘာ

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးများ၊ ခရိုင် မြို့နယ် ပညာရေးမှူး များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မည်သည့် ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူခွင့် မဆုံးရှုံးရေးတို့ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူ လူငယ်များအားလုံး လူသားကောင်းများ ဖြစ်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်၊ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာစေရန် စသည့် မျှော်မှန်းရလဒ်များဖြင့် ၂၁ ရာစု ပညာရေး အရည်အသွေးများ ပြည့်ဝစေရေး   ဦးတည်ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ဆရာဆရာမနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်ရန်ဆောင်ရွက်ပေးခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသားဒေသများကို ပိုမိုဦးစားပေး ဆောင်ရွက် ပေးခြင်းတို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် သင်ယူပြီးမြောက်မှုများ ပိုများလာသလို နည်းပညာနှင့်သက်မွေး သင်တန်းများ၊ တက္ကသိုလ်ပညာ သင်ယူခွင့်ရရှိသူများလည်း ပိုမိုတိုးတက် များပြားလာပါကြောင်း။

အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ ထုတ်ပြန်မှုတွင်လည်း မြန်မာကျောင်းသားများသည် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ၆ ခုအနက် အခြားနိုင်ငံ ၃ ခုထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားနေပါကြောင်း၊ ကျောင်းအရွယ်အစား၊ ကျောင်းပစ္စည်း၊ လူမှုစီးပွားအခြေအနေတို့ ကွဲပြားသော်လည်း သင်ယူတတ်မြောက်မှု စွမ်းရည်ကွာဟချက်နည်းပါးပါကြောင်း၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံသာလျှင် စစ်တမ်း ကောက်ယူသော ၆ နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဖတ်စာအုပ် တစ်စုံနှုန်း ထောက်ပံ့ပေးခြင်း၊ ကျောင်းသား ၃ ပုံ ၁ ပုံ၏ သင်္ချာတတ်မြောက်မှုစွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၄ ပုံ ၁ ပုံ၏ စာဖတ်စွမ်းရည်မှာ  ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၅ ပုံ ၁ ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှအထက်၌ ရှိခြင်းတို့ကို စစ်တမ်းများတွင် တွေ့ရှိရပါကြောင်း၊ ယခုလို အောင်မြင်မှုများသည် ဆရာဆရာမများ၊ ကျောင်းအုပ်များ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး ပြည်နယ် လူမှုရေးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန် သူပြည်သူများအားလုံး ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်မှုများကြောင့်ပင် ဖြစ်ပါကြောင်း။

ပညာရေးပြုပြင် ပြောင်းလဲရေးဆောင်ရွက်ရာတွင်လည်း မည်သည့်လက်ဆောင်ကိုမှ ပေးခြင်း၊ ယူခြင်းခွင့်မပြုသလို ဘက်လိုက်မှုမရှိအောင်လည်း ပွင့်လင်းမြင်သာစွာ အဓိကထားဆောင်ရွက်နေပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးစနစ်ဦးတည် ဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့် က အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးလုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း တင်ပြသည်။

ယင်းနောက်အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက  အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၅) အခြေခံပညာကဏ္ဍနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက အခြေခံပညာသင်ရိုးညွှန်းတမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သိရှိလိုသည်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ကြသည်။ 

ဆက်လက်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၆) နည်းပညာနှင့် သက်မွေးပညာကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၇) အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း ရှင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်