နေပြည်တော် ၊ ၆ ဇန်နဝါရီ

 

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲတွင်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ကို ရေးဆွဲထားပါကြောင်း၊ စီမံကိန်းပါ လုပ်ငန်းနယ်ပယ် (၁၂) ရပ်ကို သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) တွင် ပညာရေးနှင့်ပတ်သက်၍ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ပညာရေးလေ့ကျင့်သင်ကြားရေးဆိုသည့် လုပ်ငန်းနယ်ပယ်နှစ်ခုကို ထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အရည်အသွေးပြည့်မီသော ကျောင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေးတို့ကို အမျိုးသမီးများနှင့် အမျိုးသမီးငယ်များရရှိနိုင်စေသည့် စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေးကို အဓိက ဦးတည်၍ ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊

 

ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခန်းကဏ္ဍများတွင် ကျား၊ မ ကွာဟချက်ကို လျော့နည်းစေရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်တွင် ကဏ္ဍစုံမှာ ကျား၊ မရေးရာ ထည့်သွင်း ဆောင်ရွက်ခြင်း နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အကျိုးခံစားခွင့်ညီမျှစွာ ရရှိစေရေးကို ပံ့ပိုးပေးသည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါကြောင်း၊

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှာ လက်ရှိအထိအဖွဲ့ဝင် (၁၁) ဖွဲ့ပါရှိပါကြောင်း၊  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုး သမီး အဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နှင့် ဝိသာခါ ဖောင်ဒေးရှင်းတို့ဖြစ်ကြပါကြောင်း၊

 

အမျိုးသမီးအဖွဲ့အစည်းအသီးသီးဟာ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများအတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဘဝတစ်သက်တာ ကျန်းမာစွာနေထိုင်မှုပုံစံရရှိခြင်းနှင့် မျိုးဆက်ပွားကျန်းမာရေး ပညာပေးခြင်းနှင့် လိုအပ်သောပံ့ပိုးကူညီခြင်း စသည့် ကဏ္ဍများမှာလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြပါကြောင်း၊ အမျိုးသမီးကော်မတီအသီးသီး၏ ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ချက်များကို ပညာရေးဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်မှုများတွင် ချိတ်ဆက်ပူးပေါင်း ပံ့ပိုးဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁ - ၂၀၃၀) တွင် အသက်အရွယ်အလိုက် ကလေးများအားလုံး ပညာသင်ခွင့် အခွင့်အလမ်းများ ရရှိစေရေး၊ ထိခိုက်လွယ်သောအုပ်စုတွင် ပါဝင်သည့် မသန်စွမ်းကလေးများရဲ့ပညာရေး၊ အလားတူရွှေ့ပြောင်းကလေးများနှင့် လမ်းပေါ်နေကလေးများအတွက် အသက်မွေးဝမ်းကျောင်းမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတာဝန်များ ပခုံးပြောင်းလက်လွှဲယူမည့် လူငယ်များအတွက် ပညာရေးနယ်ပယ်သာမက အသက်မွေး ဝမ်းကျောင်းမှုပညာရပ်များပါ ထည့်သွင်းထားရှိရေးနည်းဗျူဟာများကို ထည့်သွင်းရေးဆွဲမှာ ဖြစ်တဲ့အတွက် နိုင်ငံအနာဂတ်အတွက် များစွာအကျိုးပြုမည့် စီမံကိန်းတစ်ခုဖြစ်ပေါ်လာမည်ဟု ယုံကြည်မိပါကြောင်း၊

 

ထို့ကြောင့် ယနေ့အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခွင့်ရရှိခြင်းသည် သင်ယူနိုင်စွမ်းအမြင့်မားဆုံး အခြေအနေရောက်ရှိစေရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝကပင် စတင်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးငယ်ရွယ်သူများ၊ အမျိုးသမီးများ၏ ဘဝတစ်သက်တာအသက်မွေးမှုဆိုင်ရာ ပညာရပ် များလေ့လာဆည်းပူးခွင့်ရရှိနိုင်ရေး မိမိတို့ဝန်ကြီးဌာန၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းဝင်များက ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများရရှိခြင်းပင်ဖြစ်ကြောင်း၊  ထို့ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ ဖော်ဆောင်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်းနှင့် ရလဒ်ကောင်း များရရှိစေရန် ကြိုးပမ်းကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် သင်ယူခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပညာအရည်အချင်း မူဘောင် (National Qualification Framework - NQF) သည် တစ်သက်တာသင်ယူမှုအတွက် အရေးကြီးပါကြောင်း၊ မူလတန်းသင်ယူပြီးမြောက်လျှင် Level – 1 ဖြစ်ပါကြောင်း၊ အလယ်တန်းသင်ယူပြီးမြောက်လျှင် Level – 2 ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီးမြောက်လျှင် Level – 3 ဖြစ်ပါကြောင်း၊ Level – 4 သည် Short Cycle တစ်နှစ်အထိ သင်တန်းလေးများဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက်တက်၍မရသော်လည်း  Level – 5 ကို သွားလို့ရပါကြောင်း၊ Level – 5 သည် တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာသင်တန်းများဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက Level - 6 သို့ ဆက်လက်ကူးပြောင်းသင်ယူလို့ရပါကြောင်း၊  Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ကျော်ပြီး Level – 6 သို့ တိုက်ရိုက်တက်ရောက် ပညာသင်ယူနိုင်ရန်မှာ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ အမေရိကန်တွင် SAT စာမေးပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင် စာမေးပွဲ၊ ဂျပန်တွင် National Examination ကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Matriculation Examination) သည်  Level – 3 မှ Level – 6  တက္ကသိုလ်သို့ တိုက်ရိုက်ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူအားလုံးအတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါကြောင်း၊ Level – 7 သည် မဟာဘွဲ့ဖြစ်ပြီး  Level – 8 သည် ပါရဂူဘွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတစ် နိုင်ငံနှင့်တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေးအဆင့်အပေါ်မူတည်ပြီး Level အဆင့် သတ်မှတ်ချက်မတူညီသဖြင့် ဂုဏ်သိက္ခာရှိသော ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရန်အတွက် Level သတ်မှတ်ချက်များ၊ Credit Transfer System, Quality Assurance and Accreditation သတ်မှတ်ချက်များနှင့်အညီ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊

 

ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးရှိသောပညာရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရပါကြောင်း၊ နိုင်ငံတော်ကလည်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးနေ သည့်အတွက် မည်သည့်ပေးခြင်းယူခြင်းမျှ လုံးဝခွင့်မပြုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ၊ ချေးငွေများတို့ကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ အသုံးပြု၍ ဆရာအရည်အသွေးမူဘောင် (Teacher Competency Framework) နှင့်အညီ အရည်အချင်းပြည့်ဝသည့် ဆရာများခန့်ထားရန်နှင့် Reskilling ၊ Upskilling ၊ Continuous Professional Development အခွင့်အလမ်းများဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ တိုင်းရင်းသားဒေသများ ဦးစားပေး၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အထောက်အကူပြုရန်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများဖြည့်ဆည်းရန်၊ ဒေသအကျိုးပြု၊ ပြည်ထောင်စု အကျိုးပြုသည့် နည်းပညာနှင့်သက်မွေးသင်တန်းများ၊ ဘွဲ့သင်တန်းများ ဖြည့်ဆည်းရန်၊ နည်းပညာခေတ်နှင့် လိုက်လျောညီထွေရှိသည့် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ စစ်ဆေး အကဲဖြတ်မှုများကို အားပေးပံ့ပိုးပေးရန်တို့အတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပညာရေးကဏ္ဍကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေးပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ တိုင်းရင်းသားပြည်သူများ၏ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကိုလည်း တန်ဖိုးထားပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊

 

နည်းပညာအသုံးပြုသင်ယူခြင်း (High-Tech Learning) ၊ သင်ကြားပို့ချသူ ဆရာဖြင့် သင်ယူခြင်း (High-Touch Learning) ၊ ပေါင်းစပ်သင်ကြားသင်ယူခြင်း (Blended Learning) စသည့် နည်းလမ်းများဖြင့် ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူများတို့ကို တစ်သက်တာသင်ယူမှု အခွင့်အလမ်းများရရှိစေရန်နှင့် ၂၁ ရာစု၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရန် မေတ္တာ၊ ဂရုဏာ၊ မုဒိတာစိတ်အပြည့်ဖြင့် လက်တွဲညီညီပူးပေါင်းပြီး စုပေါင်းအင်အားနဲ့ တာဝန်ယူတာဝန်ခံ၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက နည်းပညာနှင့် သက်မွေးပညာကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။  ထို့နောက် တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်