နေပြည်တော် ‌ဒီဇင်ဘာ ၆

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) National Education Strategic Plan - NESP(2021-2030) မူကြမ်းကို သက်ဆိုင်ရာကဏ္ဍများအလိုက် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ပြုစုလျက်ရှိရာ အဆိုပါစီမံကိန်းမူကြမ်း စိစစ်ရေးအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ အမြဲတမ်း အတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဆိုပါမူကြမ်းကို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀)  ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ (၂၆) ကြိမ်မှ အကြံပြုချက်များနှင့်အညီ ရေးဆွဲခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော ပညာရေးဝန်ကြီးဌာန၊ ဥပဒေကြမ်းများစိစစ်ရေး ကော်မတီက စိစစ်တည်းဖြတ်ထားသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကို ထပ်မံစိစစ်ပေးရန်နှင့် ယင်းသို့စိစစ်ရာတွင် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)  မူကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းရေးဆွဲစိစစ် အတည်ပြုရေးနှင့် ပတ်သက်၍ ဆွေးနွေးအကြံပေး ညှိနှိုင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်