နေပြည်တော်၊ ၁၁  ဒီဇင်ဘာ 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးဆိုင်ရာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(Education and TVET Sector Coordination Group-ETVSCG)၏ Co-chair များဖြစ်ကြသော ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms Riikka Laatu နှင့် UNESCO Myanmar ၏ Head of Office, Ms. Kim Min Jeong၊  ပညာရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ETVSCG အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက NESP(2016-2021) ဆောင်ရွက်ခဲ့ရာတွင် ရရှိခဲ့သည့် အောင်မြင်မှုများ၊ တွေ့ကြုံခဲ့သည့်စိန်ခေါ်မှုများကို NESP Mid-Term Review တွင် ဖော်ပြထားပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆--၂၀၂၁)  NESP 1 ၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများကို အခြေခံပြီး NESP Mid-Term Review ၏ တွေ့ရှိ ချက်များ၊ ထောက်ခံအကြံပြုချက်များ၊ ဆန်းစစ်မှုများနှင့် NLD Manifesto 2020  တို့ကို ဖြည့်စွက်ကာ  NESP2 အား ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ ဆရာ ဆရာမ ကျောင်းသားများ၊ ပညာရေးတွင် ပါဝင်သူများအားလုံး အတူ တကွပူးပေါင်း ရေးဆွဲပြုစု ကြမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေ အရွယ် အားလုံး ပညာရေးအဆင့်တိုင်းတွင် မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေးနှင့် မည်သူမျှသင်ယူမှု မဆုံးရှုံးစေရေး အခြေခံမူဝါဒများနှင့်အတူ လူသားကောင်းဖြစ်မှု၊ ပူးပေါင်း ဆောင်ရွက် တတ်မှု၊ တာဝန်ခံမှုနှင့်တာဝန်ယူမှု၊ ဆန်းသစ်တီထွင်မှုတို့ကို အဓိကတန်ဖိုးထား ဉီးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။

ပညာရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် အောင်မြင်မှုများရှိသကဲ့သို့ အထက် တန်းနှင့်အလယ်တန်း ကျောင်းထွက်မှု၊ ဒေသဆိုင်ရာဈေးကွက်လုပ်သား လိုအပ်မှု တို့ရှိနေသေး ခြင်း၊ တက္ကသိုလ်ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကျောင်းများနှင့် စက်ရုံအလုပ်ရုံများ ပူးပေါင်း ဆောင်ရွက်မှု တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ခြင်း၊ ဒစ်ဂျစ်တယ်ခေတ်၏ စိန်ခေါ်မှုများဖြစ်သော ၂၁ရာစုကျွမ်းကျင်မှုနှင့် တတ်မြောက်မှုများစသည့် စိန်ခေါ် မှုများကို ရင်ဆိုင်နေရပါသေးကြောင်း။

21st Century Skills နှင့် Competencies များ ပြည့်မီအောင်မြင်စေရန်အတွက် အရည်အသွေး ပြည့်မီသောပညာရေးဆီသို့ ဦးတည်နေသည့်လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်း လိုပါကြောင်းနှင့် ပေါင်းစပ်သင်မှုပုံစံဖြင့် ဘဝတစ်သက်တာ သင်ယူနိုင်မည့် အခွင့်အလမ်းများ (Blended Lifelong Learning Opportunities ) ကိုလည်း ပေးသွားမည် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်ခေတ်၏ စိန်ခေါ်မှုများကိုဖြေရှင်းပေးနိုင်မည့် High-tech နှင့် Learning High-touch Learning များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါနေပြီ ဖြစ်ပါကြောင်း၊ ထို့အတူ စဉ်ဆက်မပြတ် သင်ယူခြင်း၊ ပညာရေးတွင်ပိုမိုရင်းနှီးမြှုပ်နှံလာခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဖွံ့ဖြိုးမှု အားနည်း၍ပညာရေးလက်လှမ်း မမီသည့်သူများအား ဦးစားပေးဆောင်ရွက်ခြင်း၊ ဆရာ/ ဆရာမများ၏ စွမ်းဆောင်ရည်များကို တိုးတက်လာစေရန် ဆောင်ရွက် ပေးခြင်း အပြင် လုပ်ငန်းခွင်နယ်ပယ်တိုးတက်စေခြင်း၊ နည်းပညာနှင့် အခြေခံ အဆောက်အဦများ စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်းတို့သည် အရည်အသွေးပြည့်မီသော ပညာရေး ကဏ္ဍ တိုးတက်စေရေးအတွက် လွန်စွာအရေးပါကြောင်း။

NESP (2021-2030)ပါ မဟာဗျူဟာများ၊ လုပ်ငန်း အစီအစဉ် များ ရေးသားပြုစု ရာတွင် ပံ့ပိုးကူညီပေးပါသော ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အကြံပြုချက်များ၊ ဝေဖန် သုံးသပ် ချက်များ နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် လွန်စွာတန်ဖိုးရှိပြီး အရေးပါသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအားလုံး၏ ထောက်ခံအကြံပြုချက်များကို NESP (2021-2020) ၏ Table of Contents များတွင် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ထို့အပြင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ခွဲများတွင်လည်း ကျန်ရစ်နေ သေးသည့် လုပ်ငန်းများရှိပါက ထပ်မံထည့်သွင်း ပေးစေလိုပါကြောင်း၊ ပညာရေးဝန်ကြီး ဌာန အနေဖြင့် Education Stakeholders များဖြင့် ဆောင်ရွက်လျက်ရှိ သည့် NESP Consultation Meetings ၂၁ ခုကိုလည်း ဝေမျှထားပါကြောင်း၊ ယင်းအစည်းအဝေး ၂၁ ခု အနက် အစည်းအဝေး ၁၀ ခုကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ယနေ့အစည်းအဝေးမှာ ၁၁ ကြိမ်မြောက်အစည်းအဝေးဖြစ်ပါကြောင်း။

 Myanmar Digital Education Platform (MDEP) ကို ထူထောင်ပြီး ဖြစ်ပါသဖြင့် Online Training  များပေးရာတွင် အသုံးပြုနိုင်သည့်အပြင် Grade  1, 2, 3, 4, 6, 7, and 10 များအတွက် Digital Textbooks များနှင့်  Video Files များပါရရှိနိုင်မည်ဖြစ်ပါကြောင်း၊ Myanmar Education Channel နှင့် MRTV တို့မှလည်း အခြေခံပညာကျောင်းသား/ ကျောင်းသူများအတွက် သင်ခန်းစာများကို ထုတ်လွှင့်ပို့ချပေး နေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီးဌာနမှ တည်ထောင်ထားသော Learning Management System (LMS)  မှတဆင့် အခြေခံပညာ(BE)၊ အဆင့်မြင့်ပညာ(HE)၊ နည်းပညာ၊ သက်မွေး ပညာ(TVET)နှင့် ပုဂ္ဂလိကပညာရေးတို့မှ ဆရာ၊ ဆရာမများအတွက် Teaching-Learning ဆိုင်ရာ Online Training များ ပေးနိုင်မည်ဖြစ်ကြောင်း၊ TVET ကဏ္ဍအနေဖြင့် MDEP မှတဆင့် သင်တန်းစုစုပေါင်း ၂၀ ပို့ချပေးရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ ထိုနည်းတူစွာ HE ကဏ္ဍ ကလည်း Digital Contents များနှင့် Digital Education Strategy များကို NESP    (2021-2030) တွင် ထည့်သွင်းရေးဆွဲရန်ပြင်ဆင်နေပါကြောင်း၊ အရည်အသွေး ပြည့်မီပြီး ကျန်းမာရေးအရ တိုးတက်ကောင်းမွန်၍ လုံခြုံစိတ်ချရသော မြန်မာ့ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေး ဝန်ကြီးဌာနက ရေးဆွဲပြုစုလျက်ရှိသည့် NESP (2021-2030)တွင် အကြံပြုချက်များ၊ ဝေဖန် သုံးသပ်ချက်များနှင့် ထပ်မံထည့်သွင်း ရေးဆွဲသင့်သည့် အကြောင်းအရာများကို ယနေ့ တက်ရောက်ပေးပါသော လူကြီးမင်း များအနေဖြင့် ပါဝင်ဆွေးနွေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေး၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့(Education and TVET Sector Coordination Group-ETVSCG)၏ Co-chair ဖြစ်သော ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms Riikka Laatu က ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ NESP(2021-2030) ပြုစုရေးဆွဲရေးအတွက် ပူးပေါင်းပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်အတူတကွ လက်တွဲ ဆောင်ရွက်သွားကြ မည်ဖြစ်ပါ ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍအလိုက် တင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး အကြံပြုကြကြောင်း သိရသည်။ 

သတင်းစဉ်