ရန်ကုန် ၁၁ နိုဝင်ဘာ
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကြီးမှူးကျင်းပသော “ ဂန္ထဝင် သစ်ပန်းချီပြပွဲ " (New Classic Art Exhibition)” ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဂန္ထဝင်သစ်ပန်းချီပြပွဲသည် အမျိုးသားပြတိုက်(ရန်ကုန်)၏ ထူးခြားတဲ့ပန်းချီပြပွဲ ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဝါရင့်၊ သမ္ဘာရင့် ပန်းချီပညာရှင်ကြီး (၁၂)ဦး၏ ပန်းချီလက်ရာများကို ဂုဏ်ပြုခင်းကျင်းပြသသည့် ပွဲလည်းဖြစ်ပါကြောင်း၊ အမျိုးသားပြတိုက်သည် မြန်မာတစ်မျိုးသား လုံး၏ အမျိုးဂုဏ်ဆောင် ပြတိုက်ကြီးဖြစ်ပြီး နိုင်ငံ၏ အနုပညာလက်ရာမြောက်သော ပစ္စည်းများ ကို စုဆောင်းသိမ်းဆည်း၊ မှတ်တမ်းတင်၊ သုတေသနပြုပြီး ခင်းကျင်းပြသပေးရာ နေရာကြီး လည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြတိုက်များသည် ပြတိုက်မျိုးဆက်များ၏ ဒုတိယမျိုးဆက် နေရာတွင်ရှိပြီး အမျိုးသားပြတိုက်ကြီးကို နိုင်ငံတကာရှိ ပြတိုက်များနှင့် ရင်ဘောင်တန်း ရောက်ရှိရန် တစ်နည်းအားဖြင့် တတိယ ပြတိုက်မျိုးဆက်သို့ရောက်ရှိရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြပွဲများကို ခင်းကျင်းပြသခြင်းဖြစ်ပါကြောင်း၊ ပြတိုက်လှုပ်ရှားမှုတွင် ပြည်သူလူထုပါဝင်လာရေး၊ ပြတိုက်ကို ပြည်သူလူထုများ အသုံးချရေးအတွက် အထူးပြပွဲများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ယခုကဲ့သို့ ပြပွဲများသည် ပြတိုက်နှင့် ပြည်သူလူထုအား ပေါင်းကူးဆက်သွယ် တံတားထိုးပေးခြင်းလည်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဂန္ထဝင်သစ်ပန်းချီပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြပွဲပြုလုပ်ရခြင်းကို ရှင်းလင်းတင်ပြပြီး ပန်းချီဆရာကြီးများကိုယ်စား ပန်းချီဆရာကြီး ဦးလှတင်ထွန်းမှ ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးကြည်မင်းသည် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ပန်းချီ ကားများခင်းကျင်းပြသနိုင်ရန် ပေးပို့ခဲ့ကြသော ပန်းချီဆရာကြီး(၁၂)ဦးနှင့် အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ပန်းချီကားများလှူဒါန်းကြသည့် ပန်းချီ ဆရာကြီးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
“ဂန္ထဝင် သစ်ပန်းချီပြပွဲ" (New Classic Art Exhibition)” ပြပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ နေ့စဉ်ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)