၂၆  ဒီဇင်ဘာ

[ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး ]

ဂြိသက္ကရာဇ် တစ်ထောင့်သုံးရာ ကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္လာနေ့ကား ဤငါတို့ မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာ ရောက်စေသတည်း။

လွတ်လပ်ရေးမော်ကွန်း

မြန်မာနိုင်ငံအောက်ပိုင်း၌ နှစ်ပေါင်း ၁၀၀ မျှ၊ မြန်မာ နိုင်ငံအထက်ပိုင်း၌နှစ်ပေါင်း ၆၀ ကျော်မျှ နယ်ချဲ့ဗြိတိသျှတို့၏ ကိုလိုနီလက်အောက်ကျရောက်ခဲ့ရပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ်၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားများပါမကျန် ပြည်ထောင်စု မြန်မာနိုင်ငံသားများအားလုံး လုံးဝလွတ်လပ်သော လူမျိုးများအဖြစ် မှတ်တမ်းတင် မော်ကွန်းကျောက်စာတိုင်များ စိုက်ထူနိုင်ခဲ့ကြသော နေ့ထူးနေ့မြတ်ရက်တစ်ရက် (ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)။ စ စွာ နှစ်ကူးသည်နှင့် နှစ်စဉ်နှစ်တိုင်း ဤကာလ အခါသမယသည် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးရရှိပြီး ဤလွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲနေရန်နှင့် လွတ်လပ်ရေးကြီး ပြန်လည်မဆုံးရှုံးသွားစေရန်နှင့် ပြည်ထောင်စုကြီး အစဉ်ငြိမ်းချမ်း ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် သတိပေး တိုက်တွန်းခံနေရသကဲ့သို့ အမှတ်တရရှိနေအပ်သည့် ကာလတစ်ခု ဖြစ်ပါသည်။ ။

“မြန်မာ” ဟူသော ဝေါဟာရသမုတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူသည်ကား ခိုင်မာသည့် သမိုင်းအစဉ်အလာရှိခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ပတ်ဝန်းကျင်နယ်ပယ်များထိတိုင် အချုပ်အခြာအာဏာ စိုးမိုးမှုများရှိခဲ့ပြီး မိမိပိုင်နက် နယ်နိမိတ်ကိုလည်း တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ မြန်မာဟူသော ဝေါဟာရသမိုင်းကြောင်းသည် ပုဂံခေတ်ကျန်စစ်သားမင်း (အေဒီ ၁၀၈၄ - ၁၁၁၃) လက်ထက်၊ ခရစ်နှစ် ၁၁၀၀၂ ခုနှစ်တွင် ရေးထိုးခဲ့သော “ကျန်စစ်သားမင်း၏ နန်းတည် ကျောက်စာ” တွင် “မိရ်မာ” ဟူသောဝေါဟာရနှင့်အတူ မြန်မာဟူသော ဝေါဟာရသည် “မြန်သည်။ မာသည်” ဟူသော အဓိပ္ပာယ် ဆောင်သည်ကို မှတ်သားခဲ့ဖူးသည်။

ကိုယ်ပိုင်အမျိုးသားရေး အသွင်အပြင် ကျွန်တော်တို့နိုင်ငံကား ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ကိုယ်ပိုင်အမျိုးသားရေး အသွင်အပြင် လက္ခဏာများရှိခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို ဂုဏ်ယူနေရမည်။ ရှည်လျားသော သမိုင်းကြောင်းဆိုရာတွင် နိုင်ငံများကို အနော်ရထာဘုရင်က စုစည်းပြီးပုဂံတွင် ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့သည့် ခေတ်၊ ဘုရင့်နောင်မင်းတရားကြီး ထူထောင်ခဲ့သည့် ဒုတိယ မြန်မာနိုင်ငံတော်ကာလ၊ နောက်ဆုံး မြန်မာမင်းဆက်ကို အလောင်းမင်းတရားကြီးက တတိယမြန်မာ နိုင်ငံတော်ကြီးအဖြစ် စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီးများကို ထူထောင်နိုင်ခဲ့ကြပုံများကို အမြဲအမှတ်ရနေဖို့ လိုသည်။ သို့သော်လည်း ခေါင်းဆောင်များ စည်းလုံးညီညွတ်မှုပြိုကွဲချိန်၊ ခေတ်မီဆန်းသစ်သော အတွေးအခေါ်များချည့်နဲ့ချိန်၊ ကာကွယ်ရေးအင်အားနည်းပါးစဉ် အခါများတွင်တော့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရသည်ကိုလည်း မမေ့မလျော့ ရှိနေရန် လိုအပ်ပြန်ပါသည်။

ဂုဏ်ယူဝံ့ကြွားဖွယ်ရာ အမွေအနှစ်များ

မြန်မာတို့၏ အတိတ်သမိုင်းကြောင်းတွင် ပြည်ထောင်စုကြီးကို ကိုယ်စားပြုသည့် တိုင်းရင်းသား မြန်မာ လူမျိုးအပေါင်းသည် တက်ကြွမှုအမြဲရှိကြပြီး ချစ်ခြင်းမေတ္တာတရားများနှင့်အတူ ခွန်အားကြီးမားမှု ရှိခဲ့ကြပုံများကိုလည်း ပြန်လည်မြင်ယောင်နိုင်ပါသည်။ ရိုးသားဖြောင့်မတ်ပြီး ကျက်သရေရှိလှသော လူမျိုးများ အဖြစ် ကမ္ဘာက မြင်ခဲ့၊ မြင်နေဆဲဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအသီးသီး၏ ကိုယ်စီယဉ်ကျေးမှုသည်သာ ကိုယ်ပိုင်ဘာသာစကား။ ကိုယ်ပိုင်စာပေ၊ ဂီတ၊ ဓလေ့ထုံးတမ်း အစဉ်အလာများ။ ရိုးရာအနုပညာ လက်ရာများနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များစွာ ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံဆိုသည်ကို ဂုဏ်ယူဝံ့ကြွားနေရမည်။ ရှေးဟောင်းအမွေအနှစ်များစွာကို မပျက်မယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်လျက် ရှိသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ စေတီပုထိုး၊ ကျောင်းကန် အဆောက်အအုံများစွာကို နေရာအနှံ့ တွေ့နိုင်သည်။ ကွဲပြားခြားနားသော တိုင်းရင်းသားများ မတူညီသောဘဝများနှင့်အတူ သာယာလှပသော သဘာဝအရင်းအမြစ်များ၊ သစ်တော၊ တောင်တန်းများ။ ကမ်းခြေ၊ မြစ်ချောင်း၊ ရေကန်များဖြင့် ဆွဲဆောင်မှုရှိသော နေရာများစွာ တည်ရှိသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

အစဉ်နိုးကြား မြန်မာတို့၏ စိတ်ထား

မြန်မာလူမျိုးဟူသည်ကား ရင်းနှီးဖော်ရွေသည်။ ရိုသေလေးစားမှု၊ တင်းတိမ်ရောင့်ရဲပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သော လူမျိုးဖြစ်သည်။ စိတ်နှလုံးနူးညံ့ပြီး ယဉ်ကျေးပျူငှာရှိကြသော်လည်း အရေးကြီးက သွေးစည်း သည်။ နံအသူများမဟုတ်ဘဲ သတ္တိဗျတ္တိနှင့် ပြည့်စုံကြသူများ ဖြစ်ကြသည်။ ကျူးကျော်စော်ကား ရန်ပြုသူများကိုလည်း တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြသည်ဆိုသည့် ကောင်းသောအမွေကို ဆက်လက်ထိန်းသိမ်း မွေးမြူဖို့လိုသလို ကမ္ဘာကလည်း သိနေဖို့ လိုအပ်သည်။ ပထဝီအနေအထားအရ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း လူဦးရေအရ၊ ကာကွယ်ရေးအင်အားအရ၊ စီးပွားရေးအင်အားအရ မိမိထက် သာလွန်သော အင်အားကြီး နိုင်ငံများအလယ် စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေးအမြဲမပြတ် ဂရုပြုနေရသော နိုးနိုးကြားကြား ရှိနေရသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

လွတ်လပ်ရေး၏ တန်ဖိုးနှင့် ကျေးဇူးတရား

ဆိုလိုသည်မှာ တိုင်းရင်းသားလူမျိုးအားလုံး မှီတင်းနေထိုင်ရာ ကျွန်တော်တို့မြန်မာနိုင်ငံသည် မျိုးရိုးဂုဏ်ရှိန် တင့်တယ်ထည်ဝါစွာဖြင့် ကမ္ဘာ့အလယ်တွင် စည်းလုံးညီညွတ်စွာ ရပ်တည်နေထိုင်ခဲ့သောနိုင်ငံဖြစ်သည်ကို ရှုမြင်နိုင်ရန်ဖြစ်သည်။ ယနေ့အချုပ်အခြာအာဏာပိုင် ကျွန်တော်တို့၏ ကိုယ်ပိုင်လွတ်လပ်မှုဟူသည် ကိုလိုနီ သူ့ကျွန်ဘဝအောက်မှ လွတ်မြောက်ရန် လူငယ်အမျိုးသားခေါင်းဆောင်များက ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း၊ အသက်ခန္ဓာများစွာ ပေးဆပ်ပြီးမှ ကြိုးပမ်းရယူခဲ့ရသော တရားမျှတသော လွတ်လပ်ရေးဖြစ်သည့်အတွက် တန်ဖိုးထားတတ်ဖို့၊ ကျေးဇူးတရား မမေ့တတ်ဖို့ အထူးလိုအပ်လှသည်။ ကျွန်တော်တို့နိုင်ငံတွင် တိုင်းရင်းသား အပေါင်းသည် တည်တံ့မြဲခိုင်အပ်သော သံယောဇဉ်နှောင်ကြိုးများဖြင့် တူညီသောအခွင့်အရေး။ တူညီသော အဆင့်အတန်းဖြင့် ကိုယ်စီတာဝန်များကို ထမ်းဆောင်ကြဖို့ လိုအပ်လှသည်။ လွတ်လပ်ရေးကို ချစ်မြတ်နိုးသူများ ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးကို အစဉ်အဆက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြသူများကို အစဉ်လေးစား တန်ဖိုးထားစောင့်စည်းရန် လိုအပ်ပါသည်။

ညီညွတ်မှုမရှိ၊ စည်းကမ်းမရှိကြလျှင် လွတ်လပ်ရေး ဆုံးရှုံးနိုင်

ပေးဆပ်မှုများစွာဖြင့် ခက်ခက်ခဲခဲရယူခဲ့သော လွတ်လပ်ရေးသည်အလွယ်တကူဖြင့် ဆုံးရှုံးရတတ်သည်ကို ကမ္ဘာ့သမိုင်းနှင့် ယှဉ်ပြီးလေ့လာသူတိုင်း သိမြင်အပ်သည်။ စည်းလုံးညီညွတ်မှုပြိုကွဲ၊ သဘောထားခံယူချက်တွေ ကွဲပြားကြပြီး ပြည်သူတွေ စည်းကမ်းမရှိကြ၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေး၊ စစ်ရေး ဝင်ရောက်စွက်ဖက်ခြင်းခံရကာ မတရားကျူးကျော်မှုခံရ ခြင်းကြောင့် အချုပ်အခြာအာဏာဆုံးရှုံးပြီး နိုင်ငံပြိုကွဲ။ ပြည်သူများ အတိဒုက္ခရောက်ကြရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေကြရသည်။ ဤနေရာတွင် လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန်အတွက် စေတနာနှင့် ပြောကြားခဲ့သည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်များကို သတိချပ်သင့်သည်။ ဗိုလ်ချုပ်မပြောခင်က နိုင်ငံသည် လွတ်လပ်ရေး မရသေးသည့်အခါဖြစ်၍ လွတ်လပ်ရေးကို လိုချင်လျှင် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် စည်းကမ်းရှိကြရန်၊ လွတ်လပ်ရေးကို အထောက်အကူပြုသည့် ညီညွတ်မှုအင်အားကို ထိန်းသိမ်းနိုင်ရန်၊ လွတ်လပ်ရေး အရသာကို ရေရှည်ခံစားနိုင်ကြရန်အတွက် ကြိုးစားအလုပ်လုပ်ကြရန်၊ အကျင့်ဆိုး အကျင့်ဟောင်းများကို ပြင်ကြရန်၊ တိုင်းရင်းသားအချင်းချင်း၊ ပြည်သူပြည်သားအချင်းချင်း ညီညွတ်မှုမရှိကြလျှင် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရအာဏာရသည်ဖြစ်စေ လွတ်လပ်မှု ဆုံးရှုံးသွားနိုင်သည် ဆိုသည့်အချက်ကို သတိပေး ပြောကြားသွားခဲ့သည်များသည် ယခုလိုအချိန် နိုင်ငံ၏ ဖြစ်စဉ်ဖြစ်ရပ် အချို့နှင့်လည်း ထင်ဟပ်နေသည့်အတွက် ခံယူချက်ကောင်းကောင်းဖြင့် လိုက်နာဆောင်ရွက် ကြစေလိုပါသည်။

လွတ်လပ်ရေးအတွက် မောင်းနှင်အား

နိုင်ငံ၏ မည်သည့်တစ်ထောင့်တစ်နေရာတွင်မဆို အနုတ်လက္ခဏာပြလာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မျက်နှာစာ အဘက်ဘက်တွင် အင်အားချည့်နဲ့လာမည်မှာ မလွဲမသွေဖြစ်သည်။ ယခုကာလတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်ပြည်သူပြည်သားများ စည်းကမ်းလိုက်ပြီး တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်ဆိုသည့် ယုံကြည်ချက် အားကောင်းလျှင် ကိုယ်စီတာဝန်ကျေပွန်ကြ ရမည်ဆိုသည့် ခံယူချက်များ အားကောင်းလာမည်သာ ဖြစ်သည်။ သို့မှသာ အားလုံးက တန်ဖိုးထားသည့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းနိုင်သည့် တာဝန်ကို ကျေပွန်မည်ဖြစ်သည်။

စိုက်ထူရမည့် စုပေါင်းစွမ်းအား

လွန်ခဲ့သော (၇၂)နှစ်က ဖော်ပြပါ ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းနှင့်အတူ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ အုတ်မြစ်ချပေးခဲ့သော သစ္စာအဓိဋ္ဌာန်(၉)ချက်သည် ယနေ့ဖြစ်တည်နေသော နိုင်ငံ၏အခြေအနေများနှင့် မည်မျှကွာဟချက် ရှိနေသနည်း။ မည်မျှကွဲလွဲနေသနည်း။ ဘာတွေ ကြိုးပမ်းအားထုတ်ဖို့ လိုအပ်နေသလဲ စသည်ဖြင့် မေးခွန်းထုတ်ဆင်ခြင်သုံးသပ်ရမည်မှာ အားလုံး၏ တာဝန်ဖြစ်သည်။ စိုက်ထူထားသော လွတ်လပ်ရေး မော်ကွန်းတင် ကျောက်တိုင်ကဲ့သို့ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးတို့အတွက် အထူးလိုအပ်လှသော “စုပေါင်းစွမ်းအား” ကို နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသည်းနှလုံးတွင်လည်း အစဉ်ထာဝရ စိုက်ထူထားသင့်လှသည်။ ။

ယခု ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် နှစ်သစ်ကူး လွတ်လပ်ရေးနေ့ကို “မင်္ဂလာပါ” ဟူသော စကားလုံးဖြင့် ကြိုဆိုနှုတ်ဆက်လျက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဖွံ့ဖြိုးတိုးတက်ပြီး ကံကောင်းကြပါစေ၊ မိမိတို့၏ အချုပ်အခြာအာဏာပိုင်မှုနှင့်အတူ စည်းလုံးညီညွတ်မှုအင်အားကို ကမ္ဘာသို့ ဆက်လက်ပြသနိုင်ကြပါစေ။ မိမိနိုင်ငံ ငြိမ်းချမ်းဖွံ့ဖြိုးရေးသာမက ဒေသတည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတွင်ပါ ပါဝင်ပံ့ပိုး အထောက်အကူပြုနိုင်ကြပါစေဟု ဆန္ဒပြုလျက်။ ။

ဒေါက်တာမြတ်မိုး