အမျိုးသားရေးအကျိုးစီးပွား စံပေတံ

၁၄ ဇွန်

 

ရခိုင်ပြည်နယ်၌ နေထိုင်ကြသော ဘင်္ဂါလီမျိုးနွယ်တို့၏ အရေးကိစ္စကို နိုင်ငံတကာပြဿနာအဖြစ် လုပ်ကြံဖန်တီး နိုင်ရန် အမည်ဆန်းတစ်ခုဖြင့် အဖျက်အမှောင့်အင်အားစုတို့က ကြိုးပမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါသည်။ ARSA အကြမ်းဖက်အဖွဲ့က နိုင်ငံတော်၏ လုံခြုံရေးတပ်စခန်းတို့အား တစ်ပြိုင်တည်း တိုက်ခိုက်၍ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တို့၏ တရားသော တုံ့ပြန်တိုက်ခိုက်မှုကို ယိုးမယ်ဖွဲ့လျက် ဘင်္ဂါလီမျိုးနွယ်တို့အား အစုအပြုံလိုက် ထွက်ပြေးစေရန် လှုံ့ဆော်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့်  ARSA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂါလီမျိုးနွယ်တို့၏အရေးကို နိုင်ငံတကာပြဿနာအဖြစ် ခိုင်မာစေရန် အရှိန်အဟုန်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ပါသည်။ အဓိကတင်ပြလိုသည်မှာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမျိုးနွယ်တို့၏ အရေးသည် နိုင်ငံတကာပြဿနာအသွင် လုပ်ကြံဖန်တီးခံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီး ဖြစ်ပါသည်။

 

နိုင်ငံတကာ ပြဿနာတစ်ရပ်အသွင် လုပ်ကြံဖန်တီးထားသော အရေးကိစ္စတစ်ရပ်ကို ပြည်တွင်း နိုင်ငံရေး ရှုထောင့်သက်သက်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက ပြည့်စုံခိုင်မာအားကောင်းနိုင်မည် မဟုတ်ပါ။ ဤပြဿနာ၏ အခြေခံလိုအပ်ချက်မှာ အမျိုးသားရေးအကျိုးစီးပွားကို အခိုင်မာဆုံး၊ အကောင်းမွန်ဆုံး ပုံဖော်ပေးနိုင်မည့် နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ရန် ဖြစ်ပါသည်။ နိုင်ငံတကာပြဿနာတစ်ရပ်အသွင် လုပ်ကြံဖန်တီးခံထားရချိန်၌ နိုင်ငံတကာယုံကြည်လေးစားသော ပုဂ္ဂိုလ်တို့၏ ပူးပေါင်းဆောင်ရွက်မှု ရယူခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤအရေးကိစ္စ၌ နိုင်ငံတကာက ယုံကြည်လက်ခံနိုင်လောက်သော ပုဂ္ဂိုလ်တို့အား မစ္စတာကိုဖီအာနန်ကို ဦးဆောင်စေလျက် ကော်မရှင်ဖွဲ့စုံစမ်းစေခဲ့ခြင်းသည် အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

 

သို့သော် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကြောင့်သာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမျိုးနွယ် တို့၏ အရေးကိစ္စသည် နိုင်ငံတကာပြဿနာတစ်ရပ်ဖြစ်လာလေဟန် ယူဆခြင်းသည် ပြဿနာ၏ ပကတိအခြေအနေမှန်ကို လျစ်လျူရှုခြင်းဖြစ်သောကြောင့် အခြေမှန်ကို ရှာဖွေနိုင်မည်မဟုတ်ပါ။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက ချမှတ်ထားသည့်မူဝါဒတို့မှာ ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်သည့် နေရပ်စွန့်ခွာသူတို့ကို ပြန်လည်လက်ခံမည်။ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်စွန့်ခွာသူတို့အနက် နိုင်ငံတော်၏ ဥပဒေသတ်မှတ်ချက် ပြဋ္ဌာန်းချက်တို့နှင့် ညီညွတ်သူတို့ကို နိုင်ငံသား အခွင့်အရေးခွင့်ပြုမည်။ ရခိုင်ပြည်နယ်ရှိ မတူကွဲပြားသော လူ့အသိုင်းအဝိုင်းနှစ်ရပ်ကြား သဟဇာတဖြစ်ရေး အပေါ် အခြေခံလျက် ဤပြည်နယ်၏ ရေရှည်တည်တံ့သည့် တည်ငြိမ်ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးသွားမည်။ နိုင်ငံတော်၏ ဤအခြေခံမူများကို သုံးသပ်ပါက နိုင်ငံတော်၏အကျိုးစီးပွားကို စိုးစဉ်းမျှ မထိပါးစေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ မစ္စတာကိုဖီအာနန် ဦးဆောင်သည့်ကော်မရှင်၏ အကြံပြုချက် တို့ကိုသုံးသပ်ပါကလည်း နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒဘောင်များအပေါ် ထိပါးကျော်လွန်မှု မရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မစ္စတာကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်တို့ကို မူအားဖြင့် လက်ခံသဘောတူကြပါသည်။ ဤသည်မှာ တစ်နည်းအားဖြင့် နိုင်ငံတော်အစိုးရ ၏ ရခိုင်ပြည်နယ်အရေးဆိုင်ရာမူဝါဒကို အသိအမှတ်ပြုခြင်းသာ ဖြစ်ပါသည်။ အခြေခံမူတို့အပေါ် သဘောတူညီပါက အသေးစိတ်လုပ်ငန်းစဉ်တို့အား ညှိနှိုင်းနိုင်မည့် အခွင့်အလမ်းတို့ကို ဆုပ်ကိုင်နိုင်စေမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ပြဿနာဖြေရှင်းကိုင်တွယ်မှုတို့အပေါ် အမျိုးသားရေး အကျိုးစီးပွားတို့ကို ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိ ဟူသော စံပေတံဖြင့်သာ တိုင်းတာသုံးသပ်ကြရမည်ဖြစ်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။ ။